မတူပီမှာ ပါစတာတစ်ဦးအပါဝင် လူငယ် ၉ ဦးကို စစ်ကောင်စီက အလုပ်ကြမ်းနှင့်ထောင်ဒဏ်များချမှတ်

မတူပီမှာ ပါစတာတစ်ဦးအပါဝင် လူငယ် ၉ ဦးကို စစ်ကောင်စီက အလုပ်ကြမ်းနှင့်ထောင်ဒဏ်များချမှတ်

ချင်းပြည်နယ် မတူပီမြို့တွင် စစ်ကောင်စီက ဖမ်းဆီးထားသော ပါစတာတစ်ဦးအပါဝင် လူငယ် ၉ ဦးကို ပြီးခဲ့သည့် မေလကုန်ပိုင်းနှင့် ဇွန်လ ဒုတိယပတ်က နှစ်ရှည်ထောင်ဒဏ်များ အသီးသီးချမှတ်ခဲ့သည်ဟု သိရသည်။

မတူပီမြို့တွင် CDFနှင့် CDM ဝန်ထမ်းများအား ငွေကြေးထောက်ပံ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံခဲ့ရသော ပါစတာ ကပ်ထန်းနှင့် ငွေလွဲလုပ်ကိုင်နေသော ဦးအောင်ကိုတို့နှစ်ဦးကို စစ်ကောင်စီက ဇွန်လ ၁၃ ရက်နေ့က အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၅ နှစ်စီ ပြစ်ဒဏ်ချမှတ်ခဲ့သည်ဟု မတူပီတိုင်းမ်သတင်းဌာနမှအယ်ဒီတာကပြောသည်။

“ပါစတာနဲ့ ဦးအောင်ကိုကျတော့ ငွေလွဲ ရန်ကုန်ဘက်ငွေလွှဲလုပ်တာရှိတယ် အဲဒီကို CDF တွေကိုထောက်ပံ့တယ်ဆိုပြီး သူတို့နှစ်ယောက်ကိုဖမ်းတယ်၊ သူတို့ အမိန့်ချမှတ်ထားတဲ့နေ့ကိုလည်း အတိကျရေးထားပေမယ့် ချက်ချင်း သတင်းကမရရှိတော့ ဟိုတနေ့လောက်ကပဲ နောက်ဆုံး၂ ယောက် ၁၅ နှစ်ချခံပြီးမှ ဟိုရှေ့မှာ အမိန့်ချမှတ်ပြီးသာလူတွေလည်း ကျနော်တို့သိရတာ" ဟု ၎င်းကပြောသည်။

ပါစတာကပ်ထန်းသည် မတူပီမြို့နယ် ခြန်းပြန်းကျေးရွာက သတင်းကောင်း (Gospel) အသင်းတော်က ပါစတာဖြစ်ပြီး ဦးအောင်ကိုသည် မတူပီမြို့ပေါ် စံဘောင်ရပ်ကွက်က ငွေလွဲလုပ်ကိုင်နေသူဟု သိရသည်။

၎င်းတို့နှစ်ဦးကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းက CDF နှင့် CDM ဝန်ထမ်းများအား ငွေကြေးထောက်ပံ့သည်ဟု စွပ်စွဲချက်ဖြင့် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ပါစတာပါထန်းနှင့် ဦးအောင်ကိုတို့သည် CDF/ CDM များအား ငွေကြေးထောက်ပံ့မှုမျိုး မရှိသည့်အပြင် CDF မတူပီနှင့် ပတ်သက်ဆက်နွယ်မှုမရှိသော ပြည်သူများဖြစ်ကြသည်ဟု CDF-Matupi က ဦးဆောင်သူတစ်ဦးက ပြောသည်။

“သူတို့နှစ်ယောက်စလုံးက စစ်ကောင်စီကစွပ်စွဲတာက CDF တွေကို ထောက်ပံ့တာပေါ့နော CDF/CDM တွေကို ထောက်ပံ့တယ်ဆိုပြီးမှ စွပ်စွဲတာ တကယ်တမ်းကျတော့ ဘာမှမဆိုင်ဘူးပေါ့လေ ဒီအဖွဲ့အစည်းမှာလည်း လှုပ်ရှားတာမျိုးလည်းမရှိသလို သူဟာသူ အေးဆေးနေတဲ့ပြည်သူပဲ" ဟု သူကပြောသည်။

မတူပီမြို့တွင် CDF တပ်ဖွဲ့နှင့် ပတ်သက်ဆက်နွယ်သည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံရသော လူငယ် ၇ ဦးကိုလည်း ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့က စစ်ကောင်စီက ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့သည်ဟု သိရသည်။

၂၀၂၁ ခုနှစ်ဩဂုတ်လ (၂၀) ရက်က ဖမ်းဆီးခံခဲ့ရသော မတူပီမြို့နယ်၊ ခြန်းပြန်းကျေးရွာနှင့် ကာလ်အိမ်ကျေးရွာမှ လူငယ် (၆) ဦးထဲက (၄) ဦးကို မေလ ၃၁ ရက်နေ့က အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၅ နှစ်နှင့် ကျန်လူငယ် ၂ ဦးမှာ အသက် (၁၈) နှစ်အပြည့်သေးသည့်အတွက် ထောင်ဒဏ် ၂ စီ ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။

အလားတူ ၂၀၂၁ ခုနှစ် ဩဂုတ်လ (၁၄) ရက်နေ့က ဖမ်းဆီးခံခဲ့ရသော မတူပီမြို့လောင်ဗန်းရပ်ကွက်မှ ပါထုန် (Pa Thung) ကို မေလ (၃၁) ရက်နေ့က အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၅) နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

၎င်းတို့အားလုံးကို မတူပီမြို့ရဲစခန်းတွင် ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပြီး ပြည်မဘက်ကို မကြာခင် ပို့ဆောင်ဖွယ်ရှိသည်ဟု သိရသည်။

April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...
April 27, 2026
ချင်းပြည်နယ်မြောက်ပိုင်းက ဒုတိယမြို့တော်ဟူ၍ တင်စားပြီး စစ်ရေးအချက်အချာ ကျသည့် ဖလမ်းမြို့နှင့်...