ရခိုင်တွင် ဘာသာမတူ လူမျိုးမတူသူများအကြား သဟဇာတဖြစ်ရေး အဓိကထားဆောင်ရွက်နေဟု ULA/ AA ပြော

ရခိုင်တွင် ဘာသာမတူ လူမျိုးမတူသူများအကြား သဟဇာတဖြစ်ရေး အဓိကထားဆောင်ရွက်နေဟု ULA/ AA ပြော

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်(ULA/ AA)က ရခိုင်တွင် ဘာသာမတူ လူမျိုးမတူသူများအကြား သဟဇာတဖြစ်ရေးကို အဓိကထားဆောင်ရွက်နေသည်ဟု ULA/ AA က ပြောသည်။

ယမန်နေ့ ဇွန်လ ၁၄ ရက် နံနက် ၁ဝ နာရီတွင်ပြုလုပ်သည့် ULA/ AA ၏ တတိယအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ULA/ AA ၏ ပြောခွင့်ရသူ ဦးခိုင်သုခက နိရ ဉ္စရာ၏မေးမြန်းချက်ကို ဖြေကြားရာတွင် ထည့်သွင်းပြောဆိုသွားခြင်းဖြစ်သည်။

“အာရက္ခနိုင်ငံသားဆိုတဲ့ တစ်ခုတည်းသောခေါင်းစဉ်အောက်မှာ ကျနော်တို့ဟာ ညီညီညွတ်ညွတ်နဲ့ရှိနေဖို့၊ ကျနော်တို့အချင်းချင်းကြားမှာ စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ ကျနော်တို့ပူးပေါင်းဆောင်ရွက်နိုင်ဖို့ဆိုရင်၊ အဲလိုလုပ်ဆောင်နိုင်မှ ကျနော်တို့ဟာ လူမှုသဟဇာတတွေဖြစ်လာပြီးတော့ ကျနော်တို့သွားချင်တဲ့ အာရက္ခနိုင်ငံတော်ကို ကျနော်တို့ ရခိုင်ဒေသမှာနေတဲ့ အာရက္ခပြည်သားတွေအားလုံး ညီညီညွတ်ညွတ်နဲ့ချီတက်နိုင်မှာဖြစ်ပါတယ်”ဟု ပြောသည်။

လက်ရှိ ရခိုင်ဒေသအတွင်း ULA/ AA ၏ အုပ်ချုပ်ရေးယန္တရားတွင်လည်း မူဆလင်များကို ခန့်အပ်တာဝန်ပေးမှုများရှိနေသည်ဟု ဦးခိုင်သုခက အတည်ပြုသည်။

သို့သော် တော်လှန်ရေးကာလအတွင်း သိုသိုသိပ်သိပ်ထားရမည့်ကိစ္စဖြစ်၍ အုပ်ချုပ်ရေးယန္တရားတွင် မူဆလင်ပါဝင်မှု ရာနှုန်းနှင့် လူဦးရေအတိအကျကို အသေးစိတ်ထုတ်ဖော်ပြောဆိုရန် အဆင်မပြေသေးဟု ဆိုသည်။

ရခိုင်တွင် တစ်ချိန်က ရခိုင်နှင့် မူဆလင်ကြား ပဋိပက္ခများဖြစ်ပွားမှုရှိခဲ့သော်လည်း လက်ရှိတွင် ULA/ AA ၏ ဦးဆောင်မှုအောက်၌ တစ်ဘက်နှင့် တစ်ဘက်နားလည်မှုတည်ဆောက်ကာ ခွဲခြားဆက်ဆံမှုလည်း မရှိကြတော့ပြီဟု မင်းပြားမြို့နယ် အစ္စလာမ်သာသနာရေးကောင်စီဥက္ကဋ္ဌ ဦးစိန်မင်းက ပြောသည်။

“ခွဲခြားမှုဆိုတာ အခုလုံးဝမရှိတော့ဘူး။ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှု၊ တည်ဆောက်မှုဟာ သဟဇာတဟာ အနေအထိုင်ဟာ အရမ်းကောင်းသွားပါပြီ။ ကျနော့်အသက်ဟာ ၇၃ နှစ်ရှိပါပြီ။ အခုလောက် တပ်တော်က ဆောင်ရွက်နေတာ လုံးဝ ပြောဖို့မလိုဘူး။ ဘာသာ သာသနာနဲ့ညီအောင် အမှန်ကိုအမှန်အတိုင်းလုပ်ဆောင်နေတာကို ကျနော်တို့မြင်ရပါတယ်”ဟု ပြောသည်။

ပြီးခဲ့သည့်နွေရာသီအတွင်းကလည်း ULA/ AA ၏ဦးဆောင်မှုဖြင့် ရခိုင်ရှိ ကျေးရွာအများအပြားတွင် ရခိုင်နှင့် မူဆလင်တို့ပူးပေါင်းကာ ချစ်ကြည်ရေး ဘောလုံးပွဲများနှင့် ပျော်ပွဲရွှင်ပွဲများကို ကျင်းပလာနိုင်သည်အထိရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

(ပုံဟောင်း / Crd)
August 22, 2026
ပဲခူးတိုင်း၊ ပြည်မြို့သို့ စစ်သားများ တင်ဆောင်လာသည့် စစ်ကား အစီး ၁၀၀ ကျော် ရောက်ရှိလာကြောင်း ပကဖ...
August 21, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၌ ညအချိန် အလုပ်မှ ပြန်လာသည့် လူငယ်တစ်ဦးကို စစ်အုပ်စုတပ်နှင့် ရဲ...
(ဓာတ်ပုံ - Crd)
August 20, 2026
အမ်း-ပဒါန်းလမ်းရှိ နတ်ရေကန်တောင်သို့ ထိုးစစ်ဆင်နေသည့် စစ်အုပ်စုတပ်၏ စစ်ကူစစ်ကြောင်းများ၏ ယာယီ...
August 20, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်၏ ရှေ့ထွက် အဝတောင် ကာကင်းစခန်းများကို အာရက္ခ...