အာဏာသိမ်း စစ်ကောင်စီရဲ့ လက်နက်ချ အလင်းဝင်ဖို့ ကမ်းလှမ်းကို လက်မခံကြောင်းနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် ဆက်လက်တော်လှန်သွားမယ်လို့ မွန်ပြည်နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက အခိုင်အမာ ပြောဆိုလိုက်ပါတယ်။
အာဏာသိမ်း စစ်ကောင်စီက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ အပါအဝင် တခြားအဖွဲ့အစည်း တွေအနေနဲ့ လက်နက်အပ်ပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာရင် ကြိုဆိုလက်ခံသွားမယ် လို့ ဇွန် ၁၂ ရက်နေ့မှာ ထုတ်ပြန် ကြေညာထားတာပါ။
အာဏာသိမ်း စစ်ကောင်စီကတော့ လက်နက်ကိုင် ဆန့်ကျင်မှုတွေ ပြုလုပ်နေမယ်ဆိုရင် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနဲ့ ဒီမိုကရေစီထွန်းကားရေးကို ထိခိုက်နှောင့်နှေးစေတယ်လို့ ဆိုထားပါတယ်။
ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) တာဝန်ခံကတော့ စစ်ကောင်စီရဲ့ ကမ်းလှမ်းချက်အပေါ် လက်မခံသလို လက်နက်ချဖို့ မရှိကြောင်းနဲ့ စစ်အာဏာရှင် အမြစ်ပြတ်ရေးအတွက် ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ကျွန်တော်တို့ဘက်ကတော့ သူတို့ပြောသလို အလင်းဝင်ဖို့ မရှိသလို လက်နက်ချဖို့လည်းမရှိဘူး။ ပူးပေါင်းဖို့လည်းမရှိဘူး။ ကျွန်တော်တို့ လက်နက်မရှိတဲ့အချိန် ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြနေစဉ်မှာ တောင် စစ်ကောင်စီက ရက်ရက်စက်စက်ပစ်သတ်တဲ့တာ။ ကျွန်တော်တို့ကတော့ အာဏာရှင်စနစ် အမြစ်ပြတ်ဖို့ပဲ ဆက်တိုက်သွားမှာပါ”လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) တာဝန်ခံက ပြောပါတယ်။
စစ်ကောင်စီဘက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို လက်နက်ချ အလင်းဝင်ဖို့ ကမ်းလှမ်းချက် မှာတော့ အရေးပေါ်ကာလဆောင်ရွက်ပြီးရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ လွတ်လပ်တရား မျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပပြီး အနိုင်ရပါတီကို ဒီမိုကရေစီ စံနှုန်းတွေနဲ့အညီ နိုင်ငံတော်တာဝန် လွှဲအပ်ပေးမယ်လို့ ထပ်မံ ပြောဆိုလာတာပါ။
ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ မြောက်ပိုင်းတာဝန်ခံ ဗိုလ်ရန်နိုင်ကတော့ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲအပေါ် အယုံအကြည်မရှိသလို လက်နက်ချ စရာ အကြောင်းမရှိဘူးလို့ တုံ့ပြန်လိုက်ပါတယ်။
“ကျွန်တော်တို့ကတော့ လက်နက်ချဖို့မရှိဘူး။ လက်နက်ချစရာရှိရင် သူတို့ပဲ ချရမှာ။ သူတို့က ပြည်သူတွေကို သတ်နေတဲ့အကြမ်းဖက်အဖွဲ့တွေ၊ ကျွန်တော်တို့က သူတို့ကို ဘာကိစ္စနဲ့ လက်နက်သွား ချရမှာလဲ။ ကျွန်တော်တို့က ဆက်တိုက်မယ်။ ဒီနှစ်မှာ တော်လှန်ရေးအပြီးသတ်မှာမို့လို့ လက်နက်ချ စရာရှိရင် သူတို့ပဲ ချပါလို့ ပြောချင်ပါတယ်”လို့ ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊မြောက်ပိုင်း တာဝန်ခံ ဗိုလ်ရန်နိုင်က ပြောပါတယ်။
မွန်ပြည်နယ်မှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အခြားတိုင်းနဲ့ ပြည်နယ်တွေလိုပဲ လက်နက် ကိုင်တော်လှန်းရေးတပ်ဖွဲ့တွေ မြို့နယ်တိုင်း ပေါ်ပေါက်လာပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ သူတို့ရဲ့ ယာဉ်တန်းတွေ၊ သတင်းပေးဒလန်တွေနဲ့ ဒေါက်တိုင်တွေကို တိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။
ပေါင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဦးဆောင်သူ သခင်မျိုးဆက်ကလည်း စစ်ကောင်စီရဲ့ ကမ်းလှမ်းချက်ဟာ ပြည်သူ့ကာကွယ်ရေးတပ်တွေ အင်အားကြီးလာမှာကို စိုးရိမ်လို့ ဖိတ်ခေါ်တာ ဖြစ်ပြီး မိမိတို့အနေနဲ့ စစ်အာဏာရှင်ကို ဆက်လက် တော်လှန်ဖို့သာ ရှိတယ်လို့ ဆိုပါတယ်။
“ခုလိုသူတို့ လုပ်ရတဲ့အကြောင်းကတော့ ဒီနွေဦးတော်လှန်ရေးမှာ PDF တွေရဲ့ ပေးဆပ်နိုင်စွမ်းတွေ၊ PDF တွေရဲ့ လုပ်ဆောင်နိုင်စွမ်းတွေနဲ့ PDF တွေ ပိုမိုအင်အားကြီးထွားလာမှာကို ကြောက်လို့ ဖိတ်ခေါ်တာလို့ သုံးသပ်မိပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် ဘယ်အာဏာရှင်ပဲဖြစ်ဖြစ် ကျွန်တော်တို့က တော်လှန်သွားမှာ။ ကျွန်တော်တို့ ရည်မှန်းထားတဲ့ ပန်းတိုင်ရောက်တဲ့အချိန်ထိပါ”လို့ ပေါင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဦးဆောင်သူ သခင်မျိုးဆက်က ပြောပါတယ်။
စစ်ကောင်စီက ပြည်သူ့ကာကွယ်ရေးတပ်တွေကို လက်နက်ချဖို့ ဖိတ်ခေါ်နေပေမယ့် စစ်ကောင်စီတပ် ကနေ စွန့်ခွာပြီး ပြည်သူတွေနဲ့ ပူးပေါင်းခဲ့တဲ့ ရဲနဲ့ တပ်မတော်သား တစ်သောင်းကျော်ထိ ရှိလာပြီး လို့ ပြည်သူ့စစ်သားများအဖွဲ့က ထုတ်ပြန်ချက်ထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း နိုင်ငံတဝန်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ပေါင်း (၂၅၀) ကျော် ဖွဲ့စည်းထားပြီး သီးခြားအဖွဲ့ အစည်းပေါင်း (၄၀၀) ကျော်ရှိနေတယ်လို့ ပြောဆိုထားတာပါ။
သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP Myanmar ရဲ့ အဆိုအရ အာဏာသိမ်းပြီးနောက်ပိုင်း အခုနှစ် မေ ၁၅ ရက်နေ့အထိ နိုင်ငံတဝန်းမှာ လက်နက်ကိုင်ပဋိပက္ခတိုက်ခိုက်မှုပေါင်း ၄၆၀၀ ကျော်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ကရင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့မှာ အများဆုံးဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။







