ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေဟာ အမှန်တကယ် လိုအပ်နေတဲ့ ကယားပြည်နယ်အတွင်းက စစ်ရှောင်ပြည်သူထံ ရောက်ရှိမှု အားနည်းနေတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေက ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ မေလနဲ့ ဇွန်လ အစောပိုင်းကာလတွေမှာ ကယားပြည်နယ် လွိုင်ကော်နဲ့ ဒီမော့ဆိုမြို့နယ်က စစ်ရှောင်ပြည်သူတွေဆီ အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းတွေ ကူညီထောက်ပံ့ခဲ့တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ဇွန် ၉ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။
UNHCR ကတော့ အရေးပေါ်ကယ်ဆယ်ရေး ပစ္စည်းတွေကို စစ်ရှောင်ပြည်သူ ၅၀၀၀၀ ကျော်ကို ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် UNHCR ရဲ့ ကူညီမှုဟာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတဲ့ ဒေသတွေက အရေးပေါ် အကူအညီတွေ လိုအပ်နေတဲ့ စစ်ရှောင်ပြည်သူထံ ရောက်ရှိလာခြင်း မရှိသေးဘူးလို့ စစ်ရှောင်အရေးကူညီနေသူ တစ်ဦးက ပြောပါတယ်။
“ ညီမတို့ဆင်းနေတဲ့ camp တောက်လျှောက်ပေါ့ ။ အဲ့ဒီအာလုံးမှာတော့ မရောက်ဘူးပေါ့။ အဆင်မပြေတဲ့နေရာတွေ သွားလာရခက်ခဲ့တဲ့ ဒေသတွေကို မသွားနိုင်ရင်တောင်မှ ကူညီပေးနေတဲ့ အဖွဲ့တွေရှိတယ်။ သူတို့နဲ့ချိတ်ပြီး ကူညီပေးစေချင်တယ်”လို့ ဆိုပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့ အကူအညီတွေဟာ မြို့နဲ့နီးတဲ့ အနားတစ်ဝိုက်က စစ်ရှောင်ပြည်သူတွေဆီကိုပဲ လက်လှမ်းမှီနေတာ ဖြစ်ပြီး မြို့နဲ့အလှမ်းဝေးတဲ့ စစ်ရှောင်စခန်းတွေဆီ ရောက်ရှိမှု အားနည်းနေတာ ဖြစ်ပါတယ်။
ဒါကြောင့် UNHCR အနေနဲ့ ဝေးလံခေါင်ဖျားတဲ့နေရာက စစ်ရှောင်ပြည်သူထံ အကူအညီတွေ ပံ့ပို့ပေးနိုင်ဖို့အတွက် စစ်ရှောင်အရေးကူညီနေသူတွေနဲ့ ချိတ်ဆက် ဆောင်ရွက်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
ကယားပြည်နယ်တဝန်းမှာ နှစ်ဖက်တိုက်ပွဲတွေကြောင့် စစ်ရှောင်ပြည်သူ ၂ သိန်းကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး အခုအခါမှာတော့ စစ်ရှောင်ပြည်သူတွေဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အရေးပေါ် လိုအပ်နေတာပါ။
ပြီးခဲ့တဲ့လက ကမ္ဘောဒီးယားနိုင်ငံမှာပြုလုပ်တဲ့ အာဆီယံရဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်း အစည်းအဝေးမှာ အကူအညီတွေကို စစ်ကောင်စီကနေ တစ်ဆင့် ပေးအပ်သွားမယ်လို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၃ ဖွဲ့ကတော့ စစ်ကောင်စီဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို လက်နက်သဖွယ်သုံးလာနိုင်တဲ့အတွက် ဒီဆုံးဖြတ်ချက်ကို လုံးဝလက်မခံနိုင်ဘူးလို့ ထုတ်ပြန်ထားပါတယ်။







