AA အတွက် ရန်ပုံငွေကောက်ခံပေးသည်ဟုဆိုကာ ဖမ်းဆီးခံရထားသည့် ကျောက်ဖြူဒေသခံနှစ်ဦး မိသားစုနှင့်တွေ့ခွင့်မရဟုဆို

AA အတွက် ရန်ပုံငွေကောက်ခံပေးသည်ဟုဆိုကာ ဖမ်းဆီးခံရထားသည့် ကျောက်ဖြူဒေသခံနှစ်ဦး မိသားစုနှင့်တွေ့ခွင့်မရဟုဆို
ဦးသန်းလှိုင်နှင့် ဒေါ်ခင်အုန်းနွဲ့။
ဦးသန်းလှိုင်နှင့် ဒေါ်ခင်အုန်းနွဲ့။

ရက္ခိုင့်တပ်တော်(AA)အတွက် ရန်ပုံငွေကောက်ခံပေးသည်ဟု စွပ်စွဲချက်ဖြင့် ကျောက်ဖြူမြို့ပေါ်မှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို ဖမ်းဆီးစစ်ဆေးနေပြီး လက်ရှိရက်ပေါင်း ၁၀ ကျော်ကြာသည့်တိုင် မိသားစုဝင်များနှင့် တွေ့ခွင့်မရသေးကြောင်း သတင်းရရှိသည်။

အဆိုပါ အဖမ်းခံရသူများမှာ ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်မှ ဦးသန်းလှိုင် (၄၁)နှစ်နှင့် ဒေါ်ခင်အုန်းနွဲ့ (၅၆)နှစ်တို့ဖြစ်ကြပြီး ၎င်းတို့နှစ်ဦးအား ပြီးခဲ့သည့်မေလ ၂၆ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် မြန်စစ်တပ်ကဖမ်းဆီးသွားကာ ကျောက်ဖြူမြို့မရဲစခန်း၌ ထိန်းသိမ်းထားပြီး ဇွန်လ ၆ ရက် နေ့အထိ မိသားစုဝင်များနှင့် တွေ့ဆုံခွင့်မရသေးကြောင်း မိသားစုဝင်များကဆိုသည်။

ဒေါ်ခင်အုန်းနွဲ့၏သမီးဖြစ်သူ မမြနှင်းနွဲ့အောင်က “ဖမ်းထားတဲ့နေ့က တစ်ရက်တွေ့ခွင့်ရတယ်။ ကျန်တဲ့နေ့တွေ တွေ့ခွင့်မရဘူး။ သူ့မှာက ပန်းနာရောဂါရှိတယ်။ သူကတော့ ပရဟိတတွေလုပ်တယ်။ AA အတွက် ငွေကောက်ခံတာမရှိဘူး။ စစ်ဘေးရှောင်တွေအတွက်လုပ်တာပဲရှိတယ်”ဟု DMG ကိုပြောသည်။

ဒေါ်ခင်အုန်းနွဲ့နှင့် ဦးသန်းလှိုင်တို့သည် ရခိုင်က စစ်ဘေးရှောင်များအတွက် ရပ်ကွက်အတွင်း အလှူငွေသွားကောက်ခံရာမှာ ရွှေဥထမင်းဆိုင်အနီးတွင်ရောက်ရှိနေချိန် ကျောက်ဖြူအခြေစိုက် ခလရ-၃၄ တပ်ရင်းမှ တပ်ဖွဲ့ဝင်များက ဖမ်းခေါ်သွားခဲ့ခြင်းဖြစ်ကြောင်း မိသားစုကပြောသည်။ ၎င်းတို့ကို နိုင်ငံတော်အကြည်အညိုပျက်စေမှုဥပဒေပုဒ်မ- ၅၀၅(က)ဖြင့် အမှုဖွင့်ထားသည်ဟု မမြနှင်းနွဲ့အောင်က ပြောသည်။

ဦးသန်းလှိုင်မှာလည်း ဘေးတွဲဆိုင်ကယ်မောင်းနှင်ပြီး မိသားစု စားဝတ်နေရေးအတွက် တာဝန်ယူနေရသူဖြစ်ကာ AA နှင့်ဆက်စပ်မှုမရှိသည့်အတွက် အမြန်ဆုံးပြန်လွှတ်စေလိုကြောင်း ဇနီးဖြစ်သူ ဒေါ်ချိုချိုသိန်းက DMG သို့ပြောသည်။

“သူတို့ကို ၁၀ ရက်နေ့မှာ ရုံးချိန်းထားတယ်။ ကျမ ယောက်ျားက ဘေးတွဲမောင်းနေတာပါ။ သူ့မှာ အရင်လည်း ဆိုင်ကယ်တိုက်ထားတဲ့ ဒဏ်ရာရှိတယ်။ အမြန်ဆုံး လွှတ်ပေးစေချင်ပါတယ်။ သူအဖမ်းခံထားရတော့ စားဝတ်နေရေးအခက်အခဲရှိတာပေါ့။ မိသားစုကို သူပဲလုပ်ကျွေးနေတာလေ”ဟု ဒေါ်ချိုချိုသန်းက ဆိုသည်။

၎င်းတို့ကို နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ-၅၀၅(က)ဖြင့် အမှုဖွင့်ထားသည်မှာ မှန်ကန်သော်လည်း အသေးစိတ်အချက်အလက်ကို ပြော၍မရသေးကြောင်း ကျောက်ဖြူမြို့မရဲစခန်းမှူးက DMG ကို ပြောသည်။

ကျောက်ဖြူမြို့မရဲစခန်းမှူး ရဲမှူး ခင်မောင်ဆွေက “သူတို့အခြေအနေကတော့ မစစ်ဆေးရသေးဘူးဗျာ။ သူတို့ကို ၅၀၅(က)နဲ့ စွဲထားတယ်။ ကျနော်တို့ကစွဲတာတော့ မဟုတ်ဘူးဗျာ။ ကျနော်တို့ကရဲဆိုတော့ စွဲတဲ့လူရှိလို့ လာရောက်တိုင်ကြားတော့ အမှုဖွင့်ပေးရတာပါ။ တရားလိုကတော့ ပြောမရသေးဘူးဗျာ။ ဘာကြောင့်စွဲတယ်ဆိုတာလည်း ပြောမရသေးဘူး”ဟု ရှင်းပြသည်။

ပြီးခဲ့သည့်မေလ ၂၆ ရက်နေ့ကလည်း ပလက်ဝမြို့နယ်တွင် AA နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က အဘောင်သားကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ဒေသခံတစ်ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် AA တို့မှာ စစ်ရေးတင်းမာမှုရှိနေပြီး အချိန်မ‌ရွေးတိုက်ပွဲဖြစ်လာနိုင်ကြောင်း AA ဘက်က ပြောဆိုထားသည်။

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...