အထောက်အထားမဲ့ ရိုဟင်ဂျာ ၁၀၀ ကျော် ဧရာဝတီတိုင်းတွင် ဖမ်းဆီးခံရ

အထောက်အထားမဲ့ ရိုဟင်ဂျာ ၁၀၀ ကျော် ဧရာဝတီတိုင်းတွင် ဖမ်းဆီးခံရ

အထောက်အထားမဲ့ ရောက်ရှိလာသော ရိုဟင်ဂျာ ၁၀၄ ဦးကို ဧရာဝတီတိုင်း ပုသိမ်ခရိုင်အတွင်းရှိ စစ်ဆေးရေးဂိတ် တစ်ခုတွင် စစ်ကောင်စီ တပ်ဖွဲ့များက ဖမ်းဆီးထားသည်ဟု ဒေသခံများက ပြောသည်။

ဧရာဝတီတိုင်းအတွင်းသို့ ရခိုင်ပြည်နယ်ဘက်မှ ဝင်ပေါက်တစ်ခုဖြစ်သည့် ရေကြည်မြို့နယ် ရေနံ့သာ စစ်ဆေးရေးဂိတ်တွင် မေလ ၂၇ ရက်နေ့  မွန်းလွဲ  ၃ နာရီ အချိန်ခန့်က မြေကြီးတင်ယာဉ် လေးစီးတွင် ပါလာသော ရိုဟင်ဂျာ ၁၀၄ ဦးကို  စစ်ကောင်စီ တပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည် ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီလက်အောက်ခံ လူဝန်မှုကြီးကြပ်ရေးဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက “ရခိုင်ပြည်နယ်ဘက်က နယ် မြေဖြတ်ကျော် ခိုးဝင်လာကြတာပါ။ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်နိုင်ဖို့ တင်ပြထားတယ်။ အခုတော့ စစ်ဆေးနေတုန်းပါ” ဟု ပြောသည်။

ရိုဟင်ဂျာ အမျိုးသား ၅၇ ဦး၊ အမျိုးသမီး ၄၂ ဦး၊ ကလေး ၅ ဦး စုစုပေါင်း ၁၀၄ ဦးကို ယာဥ်မောင်းများ က မြေ ကြီးတင်ယာဥ် ၄ စီး ဖြင့် တင်ဆောင် မောင်းနှင်လာစဥ် တွေ့ရှိ ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု သိရသည်။

၎င်းတို့ထံမှ အခကြေးငွေ ယူကာ ရန်ကုန်တိုင်း အတွင်းသို့ ပို့ဆောင်ရန် ရခိုင်ပြည်နယ်၊ ဂွမြို့မှ သယ်ဆောင်လာ ခြင်း ဖြစ်သည်ဟု တာဝန်ရှိသူများက ပြောသည်။ လက်ရှိတွင် မြေကြီးတင်ယာဉ် မောင်းနှင်သည့် ယာဥ်မောင်း ၄ ဦးကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က အမှုဖွင့် စစ်ဆေးနေသည်ဟု သိရသည်။

ရိုဟင်ဂျာ အများစုမှာ မြန်မာနိုင်ငံအတွင်း မွေးဖွားသူများ ဖြစ်သော်လည်း ရခိုင်ပြည်နယ် အတွင်းရှိ သတ်မှတ် ဒေသများ၌သာ နေထိုင် လုပ်ကိုင်ခွင့်ရသူများဖြစ်၍ နိုင်ငံသား အခွင့်အရေးဆုံးရှုံးနေသည် ဟု မူဆလင် (အစ္စ လာမ်) လူမှုကူညီရေး အဖွဲ့ဝင်အချို့ က ပြောသည်။

မြန်မာနိုင်ငံသား မူဆလင် လူမှုကူညီရေး အဖွဲ့ဝင် တစ်ဦးက “သူတို့နေရတဲ့ နေရာက လုပ်ကိုင်စားသောက်ဖို့ မြေ ယာနဲ့ အလုပ် အကိုင်အခွင့်အလမ်းက နည်းလာတော့ အဆင် ပြေမယ့် နေရာသစ်ကိုရှာကြတာ” ဟု ပြောသည်။

ရခိုင်ဒေသတွင် စစ်ကောင်စီတပ် နှင့် ရက္ခိုင့်တပ်တော် AA တို့ စစ်ရေး နိုင်ငံရေး တင်းမာရာမှ မငြိမ်မသက်မှု ဖြစ် လာသဖြင့် ယင်းဒေသမှ စစ်ဘေးရှောင်လိုသူများနှင့် စားဝတ်နေရေး၊ လုပ်ကိုင်စားသောက်ရေးအတွက် နယ်မြေ သစ် ရှာလိုသူ ရိုဟင်ဂျာများမှာ ဧရာဝတီတိုင်းကို ဖြတ်၍ ရန်ကုန်နှင့် မန္တလေးမြို့များသို့ ပိုမို ဝင်ရောက်လာနိုင် သည်ဟု အချို့က သုံးသပ်ပြောဆိုနေမှုများလည်း ရှိသည်။

စစ်တွေမြို့မှ ဧရာဝတီတိုင်း အတွင်းသို့ ဝင်ရောက်လာသည့် ရိုဟင်ဂျာအချို့ မုန်တိုင်းထိပြီး စက်လှေ နစ်မြုပ်ကာ ရုပ်အလောင်း ၁၇ လောင်း၊ အသက်ရှင်သူ ၃၀ ကျော်ခန့်ကို ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ ဝက်သေကမ်းခြေ တွင် မေလ ၂၂ ရက်နေ့က  တွေ့ရှိခဲ့သည်။

သေဆုံးသူများနှင့် အသက်ရှင်နေသူများကို ရွှေသောင်ယံမြို့ရှိ ဒေသခံ လူမှုကယ်ဆယ်ရေး အဖွဲ့များ ကူညီကယ် ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ပေးခဲ့ရသည်။

Most read this week

February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...