စစ်ကောင်စီပြောဆိုချက် ပြည်သူများကို တိုက်ရိုက်ခြိမ်းခြောက်ခြင်းဟု AA တုန့်ပြန်

စစ်ကောင်စီပြောဆိုချက် ပြည်သူများကို တိုက်ရိုက်ခြိမ်းခြောက်ခြင်းဟု AA တုန့်ပြန်
ပုံစာ - ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်။
ပုံစာ - ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်။

ရက္ခိုင့်တပ်တော်(AA)၏ ပြောဆိုချက်များသည် တိုက်ပွဲခေါ်သည့်ပုံစံမျိုးဖြစ်နေပြီး ပြဿနာဖြစ်လာလျှင် မိမိတို့ကို အဆိုးမဆိုရန် စစ်တပ်ပြောခွင့်ရ၏ ပြောဆိုချက်မှာ ပြည်သူများကို တိုက်ရိုက်ခြိမ်းခြောက်ခြင်းဟု AA ဘက်က တုန့်ပြန်လိုက်သည်။

ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့က စစ်ကောင်စီသတင်းစာရှင်းလင်းပွဲတွင် စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းက ရခိုင်ပြည်သူလူထု ဒုက္ခမရောက်စေချင်သောကြောင့် ထိန်းသိမ်းနေခြင်းဖြစ်ကာ စိတ်ရှည်သည်းခံပြီး ပြည်ထောင်စုနှင့် ငြိမ်းချမ်းရေးအတွက် လုပ်နေခြင်းဖြစ်သော်လည်း AA က တိုက်ပွဲခေါ်နေသည့်ပုံစံမျိုးဖြစ်နေသဖြင့် ပြဿနာဖြစ်လာလျှင် အဆိုးမဆိုရန် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ပြည်သူထိခိုက်မည်စိုးရိမ်၍ စစ်မတိုက်ဟု မြန်မာစစ်တပ်ပြောဆိုချက်အပေါ် မည်သည့်ပြည်သူမှ ယုံကြည်မည်မဟုတ်ကြောင်းနှင့် မြန်မာစစ်တပ်သည် ပြည်သူများကို မည်သည့်အချိန်ခါမှ ထည့်တွက်ခဲ့ခြင်းမရှိခဲ့သဖြင့် ထိုပြောဆိုချက်မှာ လုံးဝယုတ္တိမရှိဘဲ အကြောင်းပြချက်တစ်ခုသာဖြစ်သည်ဟု AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက DMG သို့ပြောသည်။

“ဗိုလ်ချုပ်ဇော်မင်းထွန်းပြောတဲ့ စကားတွေကို ခြုံပြီးတော့သုံးသပ်ရမယ်ဆိုရင် ဒါကျွန်တော်တို့ရဲ့ ရခိုင်ပြည်သူတွေကို တိုက်ရိုက်ခြိမ်းခြောက်တာဖြစ်တယ်။ ဘာကြောင့်လဲဆိုလိုရင် တစ်ခုခုဖြစ်လာလို့ရှိရင်တော့ မြန်မာစစ်တပ်ကို အဆိုးမဆိုနဲ့ဆိုတဲ့စကားကို ကျွန်တော်တို့တွေ့တယ်။

ပြည်သူတွေကို လူမျိုးတုန်းသတ်ဖြတ်ပစ်မယ်ဆိုတဲ့ မြန်မာစစ်တပ်ရဲ့အစီအစဉ်ကို တိုက်ရိုက်ရည်ညွှန်းပြီးတော့ ဖော်ပြနေတာဖြစ်တယ်”ဟု ဦးခိုင်သုခက ဆက်ပြောသည်။

မြန်မာစစ်တပ်ဘက်မှပြောဆိုချက်မှာ ပြည်သူများအပေါ် အမုန်းစကားဖြစ်ပေါ်စေပြီး သတင်းစာရှင်းလင်းပွဲများတွင် ပြည်သူများအပေါ် ခြိမ်းခြောက်သည့်ပြောဆိုချက်များကို ဆင်ခြင်စေလိုကြောင်း စစ်တွေဒေသခံ ဦးခိုင်ကောင်းစံက ပြောသည်။

“ဒီလိုပြောတာဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အဟန့်အတားဖြစ်စေတယ်။ ရခိုင်ပြည်နယ်ရဲ့ လက်ရှိအခြေအနေကတော့ အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်တယ်လို့ ကျွန်တော်မြင်တယ်”ဟု ၄င်းကဆိုသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့သည် နှစ်နှစ်ကျော်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး ၂၀၂၀ ခု၊ နိုဝင်ဘာလတွင် မည်သည့်ကတိကဝတ်မှမပါဘဲ နားလည်မှုသဘောဖြင့်သာ တိုက်ပွဲရပ်တန့်ခဲ့သည်။

ယင်းနောက်ပိုင်းတွင် ရက္ခိုင့်တပ်မတော်သည် ပြည်နယ်တွင်း သြဇာကြီးမားလာအောင်လုပ်ဆောင်နေပြီး တရားစီရင်ရေး၊ အုပ်ချုပ်ရေးကိစ္စများကို တွင်တွင်ကျယ်ကျယ် လုပ်ဆောင်လာသည်။

ယင်းကဲ့သည့်လုပ်ဆောင်ချက်များအပေါ် မြန်မာစစ်တပ်ဘက်က မကြိုက်နှစ်သက်ပေ။ ထို့ကြောင့် စစ်တပ်သည် တစ်ရွာဝင်တစ်ရွာထွက်သွားလာလှုပ်ရှားပြီး ၄င်းတို့သြဇာပြန်လည်အသက်ဝင်အောင် လုပ်ဆောင်လာသည်ဟု ဒေသခံများကပြောကြသည်။

တိုက်ပွဲရပ်တန့်နေသည့်ကာလတွင် ရက္ခိုင့်တပ်တော်သည် အစိုးရ၏အုပ်ချုပ်ရေးယန္တရားများကို ဝင်ရောက်လုပ်ဆောင်ခြင်း၊ နှောင့်ယှက်ခြင်းများပြုလုပ်ကြောင်း၊ ယင်းလုပ်ရပ်များကို သည်းခံခဲ့ရသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကဆိုသည်။

လက်ရှိတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)ကြား စစ်ရေးတင်းမာနေပြီး အချိန်မရွေးတိုက်ပွဲဖြစ်ပွားလာနိုင်သည်ဟု AA ဘက်ကပြောထားသည်။

ပုံစာ - ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်။

Most read this week

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...