မွန်အမျိုးသားကောလိပ် စတင်ဖွင့်လှစ်တော့မည်

မွန်အမျိုးသားကောလိပ် စတင်ဖွင့်လှစ်တော့မည်
မွန်အမျိုးသားကောလိပ်ကျောင်းတည်ဆောက်မည့် မြေနေရာသတ်မှတ်ခဲ့စဥ်(အအာ)
မွန်အမျိုးသားကောလိပ်ကျောင်းတည်ဆောက်မည့် မြေနေရာသတ်မှတ်ခဲ့စဥ်(အအာ)

မွန်ပြည်သစ်ပါတီလက်အောက်ရှိ မွန်အမျိုးသားပညာရေးကော်မတီ MNEC က မွန်အမျိုးသားကောလိပ်ကျောင်း စတင်ဖွင့်လှစ်တော့မည်ဟု ကြေညာထားပြီး အွန်လိုင်းမှတဆင့် ဝင်ခွင့်လျှောက်လွှာများ  ဖြန့်ဝေပေးလျက်ရှိကြောင်း သတင်းရရှိသည်။

မွန်အမျိုးသားကျောင်းအသီးသီးမှ ၁၀ တန်းအောင်မြင်ပြီးသည့် ကျောင်းသားများ နိုင်ငံခြားတက္ကသိုလ်များသို့ သွားရောက်ပညာဆက်လက်ဆည်းပူးနိုင်ရေး လာမည့်ကျောင်းဖွင့်ရာသီ၌ မွန်အမျိုးသားကောလိပ်ဖွင့်လှစ်သွားရန်  မွန်အမျိုးသားပညာရေးကော်မတီ MNEC က ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဆရာမင်းအောင်ဇေက ပြောသည်။  

MNEC အဖွဲ့ဝင် ဆရာမင်းအောင်ဇေက “ကျနော်တို့ အမျိုးသားပညာရေးကို အဆင့်မြှင့်ဖို့အတွက် အစည်းအဝေးထိုင်ပြီးတော့ ကောလိပ်ကျောင်းဖွင့်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဒီကောလိပ်ကနေ အောင်လက်မှတ်ရရင်တော့ နိုင်ငံခြားတက္ကသိုလ်တွေမှာ ပညာဆက်လက်သင်ခွင့်ရမယ်။ ကျနော်တို့ အထက်တန်းကျောင်းကနေ ၁၀ တန်းအောင်ပြီး အစိုးရစာစစ်ဌာနမှာ ဝင်မဖြေထားတဲ့ကလေးတွေကိုလည်း နိုင်ငံခြားမှာ တက္ကသိုလ်တက်ခွင့်ရအောင် ရည်ရွယ်ပြီးတော့ ဖွင့်လှစ်တာလည်းဖြစ်တယ်။”   

လက်ရှိဖွင့်လှစ်ထားသည့် မွန်အမျိုးသားကျောင်းများတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် အထက်တန်းလွန်(Post-10 ) အပါအဝင် စာသင်ကျောင်းပေါင်း ၁၄၀ ကျော်ရှိပြီး ကျောင်းသားဦးရေ ၂ သောင်းနီးပါးခန့် ပညာဆည်းပူးလျက်ရှိသည်ဟု သိရသည်။

“ကျနော်တို့မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်က ၁၀ တန်းအထိပဲရှိတယ်ဆိုတော့ နိုင်ငံခြားတက္ကသိုလ်တက်ဖို့ နည်းနည်းခက်တယ်။ ၁၀ တန်းအောင်တာလေးနဲ့ သူတို့လက်မခံပါဘူး။ ၁၂ တန်းအောင်ပြီးမှ လက်ခံမယ်ဆိုတော့ ကျနော်တို့က ၁၀ တန်းလွန်အထိပဲ ဖွင့်ဖြစ်ခဲ့တယ်။ အရင်က ခုလိုကောလိပ်ဖွင့်ဖို့အဆင့်ထိတော့ မတတ်နိုင်သေးဘူး”ဟု ဆရာမင်းအောင်ဇေက ဆက်ပြောသည်။

၃ နှစ်ကြာခန့် ပညာသင်ကြားသွားရမည့် မွန်အမျိုးသားကောလိပ်တွင် မွန်စာပေ၊ မွန်ယဥ်ကျေးမှုဆိုင်ရာ၊ အင်္ဂလိပ်ဘာသာ၊ ကွန်ပျူတာဘာသာရပ်၊ မွန်သမိုင်း၊ ကမ္ဘာ့သမိုင်း၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ သုတေသနနှင့် ယုတ္တိဗေဒဘာသာရပ်တို့ ပါဝင်ကြောင်း သိရသည်။

ဆရာမင်းအောင်ဇေက “လက်ရှိမြန်မာနိုင်ငံရဲ့ပညာရေးစနစ်က ကျနော်တို့မွန်လူမျိုးအတွက် လုံလောက်မှုမရှိလောက်သေးဘူးလို့မြင်တယ်၊ ဒီအတိုင်းနေသွားလို့တော့မဖြစ်တော့ဘူး၊ ကိုယ့်ပုံစံနဲ့ကိုယ်ဖြစ်နိုင်မှ အဆင်ပြေပါလိမ့်မယ်လို့ ယူဆကြတယ်၊ အခုကျနော်တို့ဖွင့်လှစ်သွားမယ့် ကောလိပ်ကျောင်းဟာ ဖက်ဒရယ်နိုင်ငံအတွက် ပြင်ဆင်မှုတရပ်လို့လည်း ဆိုနိုင်ပါတယ်”ဟု ပြောသည်။   

နဝတစစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့ ပထမအကြိမ်အပစ်ရပ်စဲခဲ့ပြီးနောက် ၁၉၉၆ ခုနှစ်မှစတင်၍ မွန်အမျိုးသားကျောင်းမှ ၁၀ တန်းကျောင်းသားများသည် အစိုးရတက္ကသိုလ်ဝင်တန်းစာမေးပွဲကို တရားဝင်ဖြေဆိုခွင့်ရရှိခဲ့ကြောင်း၊ ယင်းသို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သည့်ကျောင်းသားများကို အစိုးရတက္ကသိုလ်အသီးသီးသို့ တက်ရောက်ခွင့်ရရှိခဲ့ကြောင်း သိရသည်။

Most read this week

Dawei SEZ Watch (ဇူလိုင်လ ၂၉ နှင့် ၃၀ ရက်အတွင်း တောင်မင်းပြောင်ရွာ နေအိမ်များ မီးရှို့ဖျက်ဆီးခံထားရပုံ)
August 4, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်းရှိ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းဧရိယာ၌ ဇူလိုင်လ...
August 4, 2026
မွန်ပြည်၊ မုဒုံမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးသစ် ရွေးချယ်ပွဲများ လုပ်ဆောင်ခဲ့သော်လည်း...
August 3, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်းရှိ ရေဖြူ–ကလိန်အောင် လမ်းပိုင်းတွင် အင်အား ၂၀၀...
August 3, 2026
မွန်ပြည်၊ ဘီးလင်းမြို့နယ်၊ တက်တူကုန်းကျေးရွာဘက်သို့ စစ်တပ် စစ်ကြောင်းထိုး ဝင်ရောက်လာချိန်...