PDF ကို ငွေကြေးထောက်ပံ့သည်ဟုဆိုကာ ရခိုင်မှ အမျိုးသမီး ၄ ဦးနှင့် အမျိုးသားတစ်ဦးတို့ကို နှစ်ရှည်ထောင်ဒဏ်ချမှတ်ထား

PDF ကို ငွေကြေးထောက်ပံ့သည်ဟုဆိုကာ ရခိုင်မှ အမျိုးသမီး ၄ ဦးနှင့် အမျိုးသားတစ်ဦးတို့ကို နှစ်ရှည်ထောင်ဒဏ်ချမှတ်ထား
PDF ကို ငွေကြေးထောက်ပံ့သည်ဟုဆိုကာ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသည့် ကိုမင်းဒီပါ
PDF ကို ငွေကြေးထောက်ပံ့သည်ဟုဆိုကာ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသည့် ကိုမင်းဒီပါ

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ကို ငွေကြေးထောက်ပံ့သည်ဟုဆိုကာ ဧပြီလ ၂၈ ရက်နေ့က တောင်ကုတ်မြို့မှ အထက်တန်းပြဆရာမ ဒေါ်ချည်ရီသက်ရှည်ကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်သည်။

ဆရာမ ဒေါ်ချည်ရီသက်ရှည် အာဏာရှင်ဖီဆန်ရေးလှုပ်ရှားမှု(CDM)ပြုလုပ်ထားသူတစ်ဦးဖြစ်ကာ ၎င်းကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့ကဖမ်းဆီးကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(ည)ဖြင့် တရားစွဲဆိုပြီး ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် PDF အဖွဲ့များမရှိသော်လည်း PDF ကို ငွေကြေးထောက်ပံ့သည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသူ ၁၀ ဦးထက်မနည်းရှိသည်။ ယင်းအထဲမှ ဆရာမ ဒေါ်ချည်ရီသက်ရှည်အပါအဝင် ၅ ဦးတို့မှာ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခံထားရသည်။

ထိုသို့နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခြင်းမှာ စစ်ကောင်စီကိုတော်လှန်နေသည့် (PDF)တပ်ဖွဲ့များကို ငွေကြေးထောက်ပံ့မှုများမလုပ်ရဲအောင် ခြိမ်းခြောက်ခြင်းဖြစ်သည်ဟု ရခိုင့်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းကပြောသည်။

“ဒါက ဗမာပြည်ဘက်မှာလုပ်နေကြတယ်။ တခြားတိုင်းရင်းသားပြည်နယ်တွေကို မဖြန့်ပွားရအောင် သူတို့(PDF)တွေနဲ့ ဆက်စပ်မှုတွေမရှိရအောင် ခြိမ်းခြောက်တဲ့အနေနဲ့ လုပ်တယ်လို့ယူဆရတယ်”ဟု ပြောသည်။



PDF ကို ငွေကြေးထောက်ပံ့သည်ဟုဆိုကာ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသည့် ဆရာမ ဒေါ်ချည်ရီသက်ရှည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ငွေကြေးထောက်ပံ့သည်ဟုဆိုကာ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရသူများမှာ တောင်ကုတ်မြို့မှ အထက်တန်းပြဆရာမ ဒေါ်ချည်ရီသက်ရှည်၊ သံတွဲမြို့မှ ဒေါ်ငြိမ်းအိဖြိုးကျော်၊ ဒေါ်တင်စန္ဒဝင်း၊ ဒေါ်စန်းချိုသိုက်နှင့် မြောက်ဦးမြို့နယ် ပန်းမော်ကျေးရွာမှ လူငယ်စာရေးဆရာ ကိုအောင်နိုင်မြင့်(ခ)ကိုမင်းဒီပါတို့ဖြစ်ကြသည်။ ကျန်အမှုဖွင့်ခံထားရသူများမှာ အမှုကို ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်သည်။

ဒေါ်ငြိမ်းအိဖြိုးကျော်၏ အသက်(၂)နှစ်အရွယ်သမီးဖြစ်သူမှာ မိခင်နှင့်အတူ သံတွဲအကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရစဉ် ယခုနှစ်ဖေဖော်ဝါရီလ ၁၇ ရက်နေ့က နေမကောင်းဖြစ်ကာ သေဆုံးသွားခဲ့သည်။

သံတွဲမြို့မှ အမျိုးသမီးသုံးဦး၏အမှုကို လိုက်ပါဆောင်ရွက်ခဲ့သည့် ရှေ့နေက “တရားစွဲဆိုခံရသူတွေက အပြစ်မရှိကြောင်း ထွက်ဆိုတယ်။ အမှုသည်တွေရဲ့ပြောကြားချက်အရ သူတို့ဟာငွေကြေးထောက်ပံ့မှုမရှိဘူး။ ငွေလွှဲထားတာလည်း မရှိခဲ့ဘူး။ သူတို့ဟာအမှုနဲ့ဆက်စပ်သက်ဆိုင်တယ်ဆိုပြီး ထောင်ချခဲ့တာဖြစ်တယ်။ သူတို့သုံးယောက်ကိုမေးကြည့်တော့ အယူခံမတက်တော့ဘူးလို့ပြောတယ်”ဟု ဆိုသည်။

ထို့အပြင် တောင်ကုတ်မြို့မှ အသက် ၂၆ နှစ်အရွယ် မမေလဲ့လဲ့ကျော်ဆွေကိုလည်း PDF အတွက် ကျည်ဆံဝယ်ယူနိုင်ရန် အလှူငွေကောက်ခံသည့် Post များအောက်တွင် အလှူငွေထည့်ဝင်မည်ဟု Comment ရေးသည်ဆိုကာ ပြည်နယ်ရဲတပ်ဖွဲ့က ဧပြီလ ၂၈ ရက်နေ့တွင် ဖမ်းဝရမ်းထုတ်ထားသည်။

လက်ရှိအခြေအနေတွင် သက်ဆိုင်ရာတရားသူကြီးများမှာ အာဏာရှင်များကို မလွန်ဆန်နိုင်သည့်အခြေနေတွင် ရှိနေကြောင်း ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၏ ဒါရိုက်တာဦးခိုင်ကောင်းစံက ရှုမြင်သည်။

“အာဏာရှင်တွေဟာ အပြစ်မရှိ ပြစ်မှုတွေကိုရှာတယ်။ အမှုတွေကို တစ်ခုနဲ့တစ်ခုဆက်စပ်ပြီး ကြီးအောင်လုပ်တယ်။ ပြီးရင်အပြစ်ပေးတယ်။ ဒါဟာအာဏာရှင်တွေရဲ့ လုပ်ရပ်ဖြစ်တယ်။ နောက်တရားသူကြီး ဆိုတာကလည်း အာဏာသိမ်းထားတဲ့ခေတ်မှာ အာဏာရှင်တွေကိုမလွန်ဆန်နိုင်ဘူး။ အထက်ကအမိန့်ချဆိုရင် ချရတဲ့အခြေအနေမှာရှိတယ်”ဟု ၎င်းကဆိုသည်။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကိုလက်မခံသဖြင့် တစ်နိုင်ငံတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များ ပေါ်ပေါက်လာကာ စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်လျက် ရှိကြသည်။

စစ်ကောင်စီကိုတွန်းလှန်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့(NUG)၊ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ ပြည်သူ့ကာကွယ်ကွယ်ရေးတပ်ဖွဲ့(PDF)တို့ကို အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် စစ်ကောင်စီက ကြေငြာထားသည်။

Most read this week

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...