AA နှင့်ဆက်စပ်သည်ဟုဆိုကာ မောင်တောဒေသခံနှစ်ဦးကို ထောင်ဒဏ် ၁၀ နှစ်ချမှတ်

AA နှင့်ဆက်စပ်သည်ဟုဆိုကာ မောင်တောဒေသခံနှစ်ဦးကို ထောင်ဒဏ် ၁၀ နှစ်ချမှတ်

မောင်တောဒေသခံနှစ်ဦးကို ရက္ခိုင်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ဈ)ဖြင့် ယနေ့(ဧပြီလ ၂၁ ရက်)တွင် မောင်တောခရိုင်တရားရုံးမှ အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခဲ့ကြောင်း မိသားစုဝင်ထံမှသိရသည်။

ထောင်ဒဏ်ချမှတ်ခံရသူတို့မှာ မောင်တောမြို့၊ အမှတ်(၃)ရပ်ကွက်မှ အသက် ၂၃ နှစ်အရွယ် ကိုညီညီနိုင်နှင့် ငွေတောင်ကျေးရွာမှ အသက်(၄၀)ကျော်အရွယ် ဦးအောင်လှသိန်းတို့ဖြစ်ကြသည်။

“အခုလိုချမှတ်လိုက်တာကို လုံးဝမတရားဘူးလို့ ကျနော်တို့ထင်တယ်။ သူတို့မှာ ဘာအပြစ်မှလည်းမရှိဘူး။ ကျနော့်ညီက ရွှေပန်းထိမ်လုပ်ပြီး လုပ်ကိုင်စားသောက်နေတာပါ”ဟု ကိုညီညီနိုင်၏ အကိုဖြစ်သူ ကိုကိုနိုင်က DMG ကိုပြောသည်။

ကိုညီညီနိုင်ကို ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ ၂၅ ရက်နေ့နှင့် ဦအောင်သိန်းလှကို မတ်လကုန်ပိုင်းတွင် မောင်တောနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တို့က AA နှင့်ဆက်စပ်သည်ဟုဆိုကာ နေအိမ်မှ လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင်များကပြောသည်။

ယနေ့ထောင်ဒဏ်ချမှတ်ခံရသူ ကိုညီညီနိုင်မှာ ရွှေပန်းထိမ်လုပ်ငန်းလုပ်ကိုင်နေသူဖြစ်သလို ဦးအောင်လှသိန်းမှာလည်း မိမိကျေးရွာတွင် လယ်ယာလုပ်ငန်းကို လုပ်ကိုင်စားသောက်နေသူဖြစ်သဖြင့် AA နှင့်ဆက်စပ်မှုမရှိဟု မိသားစုတို့ကပြောဆိုကြသည်။

ဆက်လက်ပြီး ကိုကိုနိုင်က “အယူခံတက်ရင်လည်း ဘာတခုမှ ထူးခြားမှုရှိမှာမဟုတ်တဲ့အတွက် အယူခံလည်းမတက်တော့ဘူး။သူတို့ကိုလည်း အယုံအကြည်မရှိတော့ဘူး။ ကျနော်တို့မှာ အချိန်လည်းကုန်တယ်။ လူလည်းပင်ပန်းခဲ့တယ်။ အမှုကို အမိန့်ချမယ်ဆိုပြီးတော့ နှစ်နှစ်လောက်ကြာခဲ့တယ်ပေါ့။ အခုလည်း အယူခံတက်ရင် ဘာမှထူးခြားလာမှာမဟုတ်ဘူး”ဟု ကိုကိုနိုင်ကဆက်ပြောသည်။

၎င်းတို့နှစ်ဦးမှာ ၂ နှစ်ကျော်ကြာ တရားရင်ဆိုင်ခဲ့ရပြီး ယနေ့တွင် အပြီးသတ်အမိန့်ချမှတ်လိုက်ကာ လက်ရှိတွင် ဘူးသီးတောင်အကျဉ်းထောင်၌ အကျဉ်းချထားကြောင်း သိရသည်။

လက်ရှိတွင် မြန်မာစစ်တပ်နှင့် AA တို့မှာ နားလည်မှုဖြင့်အပစ်အခတ်ရပ်စဲထားကြပြီး AA အား အကြမ်းဖက်အဖွဲ့အဖြစ်ကြေငြာထားခြင်းကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်နေ့က ပြန်လည်ရုပ်သိမ်းခဲ့သည်။

ထိုသို့ AA ကို အကြမ်းဖက်အဖွဲ့အစည်းမှ ပယ်ဖျက်ထားပြီးဖြစ်သည့်အတွက် ယခုကဲ့ဒေသခံတိို့ကို AA ဆက်စပ်သံသယဖြင့် ထောင်ချနေခြင်းမှာ မဖြစ်သင့်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း စာရေးဆရာ ဝေဟင်အောင်က ဝေဖန်သည်။

“သူတို့ကို အကြမ်းဖက်နန့်ပတ်သက်လို့ တရားစွဲလို့ကို မရတော့ဘူး။ အခုချိန်ခါမှာ AA နဲ့ဆက်စပ်တယ်ဆိုပြီးတော့ နှစ်ရှည်ထောင်ဒဏ်ချမှတ်နေတာဟာ တရားဥပဒေစိုးမိုးမှု ယိမ်းယိုင်နေတာကို ထင်ထင်ရှားရှားမြင်တွေ့ရတယ်”ဟု ဝေဟင်အောင်ကပြောသည်။

လက်ရှိကာလတွင် ရခိုင်ပြည်နယ်တွင် AA နှင့်ဆက်စပ်သည့် သံသယဖြင့်ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မတို့နှင့် တရားရင်ဆိုင်နေရသူ စုစုပေါင်း ၄၀ ခန့်ရှိနေသေးကြောင်း ၎င်းအချက်အလက်များပြုစုနေသည့် နိုင်ငံရေးအကျဉ်းသားဟောင်း စာရေးဆရာ ဝေဟင်အောင်ထံမှသိရသည်။

Most read this week

August 4, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂျိတ္တော အမှတ် (၉) ရပ်ကွက်ကို စစ်တပ်က လေကြောင်းမှ...
စစ်တပ်၏ စစ်ရေးပြအခမ်းအနားတစ်ခုတွင် ဂျက်တိုက်လေယာဉ်များကို တွေ့ရစဉ်။ (ဓာတ်ပုံ - AFP)
August 3, 2026
ဝိုင်းပတ်ပိတ်ဆို့ ခံထားရသည့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်ရှိ နတ်ရေကန်ဗျူဟာစခန်း အနီးတစ်ဝိုက်...
August 3, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းအချို့တွင် သွေးလွန်တုပ်ကွေးရောဂါ...
ဓာတ်ပုံ - သရုပ်ဖော်ပုံ
August 1, 2026
ULA/AA ထိန်းချုပ်ဒေသများတွင် ဖြစ်ပွားခဲ့သော အဓမ္မပြုကျင့်ခံရမှုများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ...