ရခိုင်တွင် အချိန်အခါမဟုတ် လေပြင်းများတိုက်ခတ်ခြင်းမှာ မိုးတိမ်တောင်များကြောင့်ဟု မိုးဇလဆို

ရခိုင်တွင် အချိန်အခါမဟုတ် လေပြင်းများတိုက်ခတ်ခြင်းမှာ မိုးတိမ်တောင်များကြောင့်ဟု မိုးဇလဆို

ရခိုင်ပြည်နယ်အတွင်းက မြောက်ဦး၊ မင်းပြားနှင့် ကျောက်တော် မြို့နယ်များတွင် ယမန်နေ့(ဧပြီလ ၂၀ ရက်)နေ့လည်ပိုင်းက အချိန်အခါမဟုတ်မိုးသက်လေပြင်းများတိုက်ခတ်ခဲ့သဖြင့် ဈေးဆိုင်ခန်းများ၊ စာသင်ကျောင်းများ၊ လူနေအိမ်အချို့နှင့် စစ်ဘေးရှောင်စခန်းများ ပျက်စီးခဲ့ရပြီး အချို့ဒေသများတွင် လူသေဆုံးမှုများလည်းရှိခဲ့သည်။

ထိုသို့ အချိန်အခါမဟုတ် မိုးသက်လေပြင်းများကျရောက်ခြင်းမှာ မိုးကြိုးတိမ်တိုက်(ခေါ်) မိုးတိမ်တောင်များကြောင့်ဖြစ်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက DMG ကိုပြောသည်။

ထို့အတူ ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်နေ့မှ လာမည့် မုတ်သုံမဝင်မီကာလအထိကို မိုးကြိုကာလအဖြစ်သတ်မှတ်ထားပြီး ထိုကာလတွင် နေ့အပူချိန်မြင့်တက်ခြင်း၊ လေထုမငြိမ်သက်ခြင်းများကြောင့် လေထုထဲရှိရေများသည် အထက်သို့တက်ကာ မိုးတိမ်တောင်များဖြစ်ပေါ်စေနိုင်ကြောင်း ၄င်းကဆိုသည်။

ယင်းမိုးတိမ်တောင်များကြောင့် အချိန်အခါမဟုတ် လေပြင်းများတိုက်ခတ်ခြင်း၊ မိုးသီးကြွေခြင်း၊ မိုးထစ်ချုန်းရွာခြင်း၊ နေရာကွက်၍ မိုးသည်းထန်စွာရွာခြင်းနှင့် မိုးကြိုးပစ်ခြင်းတို့ဖြစ်ပွားနိုင်ကြောင်းနှင့် အားကောင်းသော မိုးတိမ်တောင်ဆိုပါက အဆိုပါဖြစ်စဉ်များမှာ ပိုပြင်းထန်နိုင်ကြောင်းလည်း ဦးလှထွန်းကပြောသည်။

“မိုးတိမ်တောင်တွေဖြစ်တော့မယ်ဆိုရင် အဲဒီရက်ပိုင်းတွေမှာ နေလို့ထိုင်လို့မရအောင်ကို ပူနေမယ်။ လူက အိုက်စပ်စပ်ကြီးဖြစ်နေမယ်။ ချွေးတွေအများကြီးထွက်နေမယ်ဆိုရင် ဒါမိုးတိမ်တောင်ဖြစ်စဉ် ဖြစ်တော့မယ်ဆိုတာကို ဂရုပြုရမယ်။ မိုးတိမ်တောင်ဖြစ်စဉ်ဖြစ်ပြီးသွားရင် ခဏလောက်ပျောက်သွားနိုင်ပေမယ့် ဒီကာလမှာတော့ ဒီဖြစ်စဉ်တွေက မကြာခဏဆိုသလိုဖြစ်နေနိုင်တယ်”ဟု သူကရှင်းပြသည်။

ယမန်နေ့က မိုးသက်လေပြင်းမှာ တစ်နာရီတွင်မိုင် ၄၀ ခန့် လေတိုက်နှုန်းရှိကြောင်းလည်း ဦးလှထွန်းကခန့်မှန်းပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာလအတွင်းကလည်း ရခိုင်ပြည်နယ်တွင် မိုးတိမ်တောင်ဖြစ်စဉ်များကြောင့် အချိန်အခါမဟုတ်မိုးရွာခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်ခဲ့ပြီး နေအိမ်၊ တိရိစ္ဆာန်နှင့် သာသနိကအဆောက်အဦးအချို့ ပျက်စီးမှုများရှိခဲ့သည်။

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...