စစ်တွေမှ မွတ်ဆလင် ရာအိမ်မှူးနှစ်ဦးကို AA နှင့်ဆက်စပ်သည်ဟုဆိုကာ စစ်တပ်ကဖမ်းဆီး

စစ်တွေမှ မွတ်ဆလင် ရာအိမ်မှူးနှစ်ဦးကို AA နှင့်ဆက်စပ်သည်ဟုဆိုကာ စစ်တပ်ကဖမ်းဆီး
မြန်မာစစ်တပ်က စစ်တွေမြို့တွင်သွားလာနေသည်ကို တွေ့ရစဉ်။
မြန်မာစစ်တပ်က စစ်တွေမြို့တွင်သွားလာနေသည်ကို တွေ့ရစဉ်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ အောင်ဒိုင်ကျေးရွာအုပ်စု၊ င/ပွန်းကျေးရွာမှ မွတ်ဆလင်ရာအိမ်မှူးနှစ်ဦးကို ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာ မြန်မာစစ်တပ်က နေအိမ်မှလာရောက်ဖမ်းဆီးသွားခဲ့ကြောင်း သတင်းရရှိသည်။

အသက်(၇၀)ကျော်အရွယ် ဦးဆီးဒီးအာမတ်နှင့် အသက်(၅၀)ကျော်အရွယ် ဦးအာဒူရူးကူးတို့ကို ဧပြီလ ၉ ရက်နေ့ ညနေ ၅ နာရီကျော်ခန့်တွင် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင်တစ်ဦးက DMG သို့ပြောသည်။

“ဖမ်းဆီးခံရတာ ဟုတ်ပါတယ်။ ကျနော်ယောက်ဖနဲ့အတူ နောက်ရာအိမ်မှူးတစ်ယောက်ပါတယ်။ အဲဒီနေ့က ကျနော်တို့ရွာကို သူတို့(စစ်သား)တွေဝင်လာပြီး အိမ်ကိုရောက်လာတယ်။ ပြီးတော့ သူတို့နှစ်ယောက်ကို AA နဲ့ဆက်စပ်မှု ရှိ၊မရှိကို စစ်ဆေးစရာရှိတယ်ဆိုပြီးခေါ်သွားတယ်။ ကျနော့်ယောက်ဖဟာ ဘယ်အဖွဲ့အစည်းနဲ့မှဆက်စပ်မှုမရှိဘူး”ဟု ၄င်းကဆိုသည်။

အဆိုပါမွတ်ဆလင်ရာအိမ်မှူးနှစ်ဦး ဖမ်းဆီးခံရခြင်းမှာ မှန်ကန်ပြီး မည်သည့်အတွက်ကြောင်း ဖမ်းဆီးသွားသည်ကိုမသိရကြောင်း အောင်ဒိုင်ကျေးရွာအုပ်စုအတွင်းမှ လုံခြုံရေးအရအမည်မဖော်လိုသည့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက DMG ကို အတည်ပြုပြောဆိုသည်။

“အဲဒီရွာက မွတ်ဆလင်ရာအိမ်မှူးနှစ်ဦးကို ဖမ်းသွားတာတော့ ဟုတ်ပါတယ်။ စစ်တပ်ကဖမ်းသွားတာပါ။ ဘယ်ကိုဖမ်းသွားလည်း၊ ဘာဖြစ်လို့ဖမ်းသွားလည်းဆိုတာတော့ ကျနော်လည်းအတိအကျမသိဘူး။ မပြောနိုင်ဘူး”ဟု ၄င်းကဆိုသည်။

လက်ရှိမှာ ဖမ်းဆီးခံထားရသည့်မွတ်ဆလင်နှစ်ဦးနှင့် တစုံတရာအဆက်အသွယ်မရဖြစ်နေပြီး ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များကိုလည်း စစ်တပ်မှလိုက်လံရှာဖွေခြင်းများရှိနေကြောင်း ဖမ်းဆီးခံရသည့် ဦးဆီးဒီးအာမတ်၏ ယောက်ဖတော်စပ်သူက ဆက်ပြောသည်။

“မိသားစုတွေနဲ့ လုံးဝအဆက်အသွယ်မရဘူး။ သူတို့ကို ဘယ်နေရာကိုဖမ်းသွားလည်းဆိုတာကိုလည်း မသိရသေးဘူး။ မိသားစုဝင်တွေကိုလည်း သူတို့ဖမ်းမယ်ဆိုပြီးရှာနေတယ်။ ကျနော်တို့လည်း ရွာမှာတောင်မနေရဲလို့ထွက်ပြေးနေရတယ်”ဟု ၎င်းကဆိုသည်။

လူဦးရေ (၇၀၀)ခန့်ရှိသည့် င/ပွန်းကျေးရွာမှ ရွာသားနှစ်ဦးကို စစ်တပ်မှဖမ်းဆီးသွားပြီးနောက် အခြားကျေးရွာသားများမှာလည်း စိုးရိမ်နေရကြောင်း ပြောဆိုကြသည်။

မွတ်ဆလင်ရာအိမ်မှူးနှစ်ဦး ဖမ်းဆီးရခြင်းနှင့်ပတ်သက်ပြီး အသေးစိတ်ကိုသိရှိရန် ပြည်နယ်စစ်ကောင်စီမှ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...