မအူပင်မြို့ ပျိုးခင်းသစ် ဖောင်ဒေးရှင်းရုံးစောင့်ကို စစ်ကောင်စီတပ်က ဖမ်းဆီး နှိပ်စက်ခဲ့သည်ဟု သိရသည်။
ဧရာဝတီတိုင်း၊ မအူပင်မြို့၊ အမှတ် (၄) ရပ်ကွက်ရှိ ပျိုးခင်းသစ် ဖောင်ဒေးရှင်း၏ ရုံးစောင့်ဦးဆွေ ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အကြောင်းမဲ့ ဖမ်းဆီး နှိပ်စက်ခဲ့ပြီး မတ်လ ၁၉ ရက်နေ့ နံနက်လင်းအားကြီးချိန်တွင် ပြန်လွတ် ပေးခဲ့သည်ဟု သိရသည်။
စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ရုံးတံခါးကိုဖျက်၍ ဝင်ရောက် လာပြီး ၎င်းကိုရိုက်နှက် ကန်ကျောက် ဖမ်းဆီး၍ ဖောင်ဒေးရှင်းတည်ထောင်သူ ဦးသန်းထိုက်အောင်၏ နေအိမ်သို့ခေါ်ဆောင်သွားကာ ဦးသန်းထိုက်အောင် ကို လည်း ရှာဖွေကြသေးသည် ဟု ဦးဆွေက ရှင်းပြသည်။
"ကျနော်ကို ပါးရိုက်တယ်၊ ဝိုင်းထိုးတယ်၊ ကန်တယ်၊ ဇီးဖြူသီး ဇကောထဲ ထည့်လှိမ့်သလိုပါပဲ နာလည်းနာ ကြောက်လည်းကြောက်မိတယ်။ နောက်ပြီး ခွေးလှေးယားသီးနဲ့ ပွတ်တယ်။ ခေါင်းကနေ ရေလောင်းပြီး စစ် ဆေးတယ်" ဟု ဦးဆွေက ပြောသည်။
မတ်လ ၁၈ ရက်နေ့ ည ၁၂ ကျော်အချိန်ခန့်တွင် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက ယင်းဖောင်ဒေးရှင်းရုံးကို အင် အား ၆၀ ခန့်ဖြင့် အကြမ်းဖက်ဝင်ရောက် စီးနင်းကာ ရုံးစောင့် ဦးဆွေကိုရိုက်နှက် ဖမ်းဆီးသွားခြင်း ဖြစ် သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
မအူပင်မြို့ခံတစ်ဦးက “ဖောင်ဒေးရှင်းရုံးကို သူတို့ (စစ်ကောင်စီ) က ချိပ်ပိတ်ထားပြီး အချိန်ပြည့် စောင့်ကြည့် တာပါ။ ဘယ်သူမှမရှိတာ သိလျှက်နဲ့ အကြောင်းမဲ့ သက်သက် ရမ်းကားတာ။ တပ်ကအရာရှိရော ရဲအရာရှိတွေ ရော အရက်မူးနေတယ်။ အော်ဟစ်ဆဲဆိုပြီး အမိန့်ပေးနေတာ ရပ်ကွက် ထဲလူတွေကြားတယ်” ဟု ပြောသည်။
ပျိုးခင်းသစ် ဖောင်ဒေးရှင်းရုံးစောင့် ဦးဆွေကို ရိုက်နှက်ဖမ်းဆီး သွားပြီး ချိပ်ပိတ်ထားသည့် ပျိုးခင်းသစ်ဖောင် ဒေးရှင်း ပိုင်ရှင် ဦးသန်းထိုက်အောင်၏ နေအိမ်ခြံဝန်းသော့များကို ဖျက်ဆီးကာ အိမ်အတွင်း ဝင်ရောက်၍ မွှေ နှောက် ရှာဖွေပြီး အိမ်တွင် တပ်ဆင်ထားသည့် CCTV များကိုလည်း ဖြုတ်ယူသွားသည်ဟု သိရသည်။
မအူပင်မြို့ခံ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တစ်ဦးက “ရုံးနဲ့အိမ်ကချိပ်ပိတ်ထားတာ အင်အားသုံး အကြမ်းဖက် ဝင်ရှာဖို့ အကြောင်း မရှိဘူး။ မြို့ခံတွေကို အကြောက်တရား ဝင်အောင် ရမ်းကား ခြောက်လှန့်နေတာ” ဟု ပြောသည်။
ချိပ်ပိတ်ထားသည့် ပျိုးခင်းသစ် ဖောင်ဒေးရှင်းရုံးကို အင်အားသုံး၍ ဖျက်ဆီးပြီး ရုံးစောင့်ကို ဖမ်းဆီးခဲ့သူများမှာ မအူပင်မြို့ အထိုင် တပ်ရင်းက အရာရှိတစ်ဦး ဦးဆောင်သည့် စစ်သား နှင် ရဲများပါဝင်သည့် စစ်ကောင် စီ တပ်ဖွဲ့ ဝင်များဖြစ်သည်ဟု သိရသည်။
၎င်းအဖွဲ့က ရုံးစောင့် ဦးဆွေကို ခရိုင်ရဲတပ်ဖွဲ့မှူးရုံး အပေါ်ထပ်တွင် နှိပ်စက် စစ်ဆေးကြသည်ဟု ခရိုင်ရဲတပ်ဖွဲ့နှင့် နီးစပ်သူ အချို့ကပြောသည်။
မအူပင်မြို့နယ် ဖွံဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့သည့် ပျိုးခင်းသစ် ဖောင်ဒေးရှင်းရုံး တည်ထောင်သူ ဦးသန်းထိုက်အောင်၏ အိမ်နှင့် ခြံတို့ကို စစ်ကောင်စီက ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ အတွင်းက ချိပ်ပိတ်ခဲ့ပြီး ဦးသန်းထိုက်အောင်နှင့် မိသားစုက ဘေးလွတ်ရာကို တိမ်းရှောင်နေကြရသည်ဟု ဒေသခံများက ဆိုသည်။







