ယင်းမာပင်နှင့် ခင်ဦးမြို့နယ်ထဲမှ လူနေအိမ် ၁၅၀ ကျော်အားစစ်ကောင်စီတပ် တစ်ရက်အတွင်း မီးရှို့ဖျက်ဆီးခဲ့

ယင်းမာပင်နှင့် ခင်ဦးမြို့နယ်ထဲမှ လူနေအိမ် ၁၅၀ ကျော်အားစစ်ကောင်စီတပ် တစ်ရက်အတွင်း မီးရှို့ဖျက်ဆီးခဲ့

စစ်ကိုင်းတိုင်းဒေသကြီးရှိ ယင်းမာပင်မြို့နယ်နှင့် ခင်ဦးမြို့နယ်အတွင်းမှ လူနေအိမ် ၁၅၀ကျော်ကို စစ်ကောင်စီတပ်က တစ်ရက်အတွင်း မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

ယမန်နေ့ မတ်လ ၁၆ ရက်နေ့က မီးရှို့ဖျက်ဆီးခံခဲ့ရခြင်းဖြစ်ပြီး ယင်းမာပင်မြို့နယ်အတွင်းရှိ ထန်းဇင်ကျေးရွာအတွင်းမှ  အဆောက်အအုံ ၂၅ လုံးမီးရှို့ခံရသည့်အပြင် လူနေအိမ် ၁၄ လုံးပါဝင်ပြီး ခင်ဦးမြို့နယ်အတွင်းရှိ ကုလားလူးကျေးရွာမှ လူနေအိမ် ၇၅လုံးနှင့် ရှားလွင်ကျေးရွာအတွင်းမှ လူနေအိမ် ၆၃ လုံး စုစုပေါင်း လူ‌နေအိမ်ပေါင်း ၁၅၂ လုံးနှင့် တခြားအဆောက်အအုံ ၁၁ လုံးကို စစ်ကောင်စီတပ်က တစ်ရက်တည်းမီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်က လူနေအိမ်များကို ယခုကဲ့သို့ မီးရှို့ဖျက်ဆီးခဲ့မှုများကြောင့် လတ်တလောတွင် ခင်ဦိးမြို့နယ်အတွင်းမှ ပြည်သူ ၂၅၀၀ ခန့်ဦးမဲ့အိမ်မဲ့ဖြစ်နေပြီး ယင်းမာပင်မြို့နယ်အတွင်းမှ လည်းလူ ဦးရေ ၈၀ ခန့်အိုးမဲ့အိမ်မဲ့ဖြစ်နေကြောင်း သိရသည်။

“လတ်တလော ကုလားလူးရွာနှင့် ရှားလွင်ရွာက နေအိမ်တွေအများကြီးမီးရှိ့ခံလိုက်ရတာဆိုတော့ မီးဘေးသင့်ပြည်သူတွေက ထောင်ချီရှိနေတယ် သူတို့အတွက် လတ်တလောအခက်အခဲဆိုရင်တော့ နေရာထိုင်ခင်းအဆင်မပြေဘူး ပြီးတော့ဆေးဝါးတွေ လိုတယ် စားသောက်ဖွယ်ရာတွေလည်း သူတို့အတွက် အဓိကလိုအပ်နေတယ် ဗျ” ဟု ခင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်အနေဖြင့်ကျေးရွာများအတွင်းဝင်ရောက်ရာတွင် လူနေအိမ်များကို မီးရှို့ဖျက်ဆီးသည့် အပြင်အိမ်မွေးတိရိစာန်များနှင့်အခြားတန်ဖိုးကြီးသည့် ပစည်းများကို လည်းဖျက်ဆီးနေကြောင်း ယင်းမာပင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကဆိုသည်။

“သူတို့က အပြစ်မဲ့ပြည်သူတွေရဲ့နေအိမ်တွေကို မီးရှို့တယ် ပြီးတော့မွေနောက်တယ် တန်ဖိုးရှိတဲ့ ပစည်းတွေဆိုရင်ယူသွားတယ် ထန်းဇင်ရွာကဆိုရင် မနေ့က နွားလေးကောင် မြင်းတစ်ကောင် ဝက်ငါးကောင် သတ်သွားတယ် မီးစက်တွေဖျက်ဆီးခံရတယ်” ဟု ၎င်းကပြောသည်။

ခင်ဦးမြို့နယ်အတွင်းတွင် မတ်လ ၅ ရက်နေ့မှ ယနေ့ ၁၇ ရက်နေ့အထိ ကျေးရွာပေါင်း ၇ ရွာမှ လူနေအိမ် စုစုပေါင်း ၃၂၇ လုံးအထိစစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီဖြစ်ကြောင်းသိရသည်။

စစ်ကောင်စီက စစ်ကိုင်းတိုင်းဒေသကြီးရှိ ယင်းမာပင်နှင့် ခင်ဦးမြို့နယ်အပါအဝင် မြို့နယ်အများအပြားကို မတ်လ ၃ ရက်နေ့နောက်ပိုင်းက ဖုန်းအင်တာနက်လိုင်းများ တစ်ချိန်တည်း ဖြတ်တောက်ခဲ့ပြီး ယင်းနောက် ယင်းမြို့နယ်များရှိ ကျေးရွာများတွင် ထိုးစစ်ဆင်မှုများပိုမိုလုပ်ဆောင်လာကာ လူနေအိမ်မီးရှို့ခံရမှု ပြည်သူများအကြောင်းမဲ့ပစ်သတ်ခံရမှုများ ပိုမိုလုပ်ဆောင်လာနေကြောင်းသိရသည်။

Data For Myanmar ၏ ဖော်ပြချက်အရ ၂၀၂၂ခုနှစ် ဇန်နဝါရီလမှ မတ်လ ၁၅ရက်နေ့ထိ တစ်နိုင်ငံလုံးမှ နေအိမ်ပေါင်း ၇၂၄၈ အိမ် မီးရှို့ဖျက်ဆီးခဲ့သည့်အနက် စစ်‌ကိုင်းတိုင်းတွင် ၄၂၂၆ အိမ်အများဆုံးပါဝင်နေကြောင်း သိရသည်။

July 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ ခွန်ဆာကုန်းကျေးရွာ ကားကြီးကွင်းအနီးတွင်...
July 24, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ်၊ ရှိန်းခေါင်ကျေးရွာဘက်သို့ စစ်ဘေးရှောင်လာကြသည့် အမတ်ပေါ်ကျေးရွာ...
July 24, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်းရှိ နာမ့်ထွမ်ချောင်းနှင့် မကျော့ဝါကျေးရွာတို့တွင် မြို့ပေါ်မှ...
July 23, 2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း တစ်နှစ်ကျော်ကာလအတွင်း မီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦးထက်မနည်း...