ရွေးကောက်ပွဲအတွက်ဟုဆိုကာ မြစ်ကြီးနားခရိုင်အတွင်းရှိ မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့များတွင် မြေပြင်ရှိ လူ ဦးရေစာရင်းကို ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ကောက်ခံလျက်ရှိသည်ဟု မြစ်ကြီးနား ဒေသ ခံများက ပြောသည်။
စစ်ကောင်စီ အစိုးရက ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲ ပြန်လည်ပြုလုပ်နိုင်ရေးအတွက် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တဆင့်မြေပြင်ရှိ လူဦးရေစာရင်း ကြိုတင်ကောက်ယူခိုင်းခြင်း ဖြစ်သည်ဟု ထွေအုပ်ရုံး ဝန်ထမ်းအချို့ ၏ ပြောပြချက်အရ သိရသည်။
ထွေအုပ်ရုံး ဝန်ထမ်း တစ်ဦးက “အိမ်ထောင်စု မရှိတဲ့သူရော ရှိတဲ့သူရော ရပ်ကွက်ထဲနေတဲ့သူ အကုန်ကောက်ခိုင်း တယ်။ ရွေးကောက်ပွဲ ပြန်လုပ်တဲ့အခါ သုံးရအောင်လို့ပြောတယ်။ မတ်လကုန်အပြီး ကောက်ပေးရမယ်” ဟု ပြောသည်။
မြစ်ကြီးနားခရိုင်အတွင်း မြို့နယ်ပေါင်း ၆ မြို့နယ်ရှိသည့်အနက် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်တို့တွင် စာရင်း စတင်ကောက်ခံနေခြင်း ဖြစ်သည်။
စစ်ကောင်စီခန့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် နောင်ကျင်းပမည့် ရွေးကောက်ပွဲများအတွက် မဲဆန္ဒ ရှင် စာရင်းများ ပြုစုရာတွင် ပြည့်စုံမှန်ကန်မှုရှိစေရေး လူဦးရေ စာရင်းပြုစုခြင်း လုပ်ငန်းများကို ဦးစားပေး ဆောင် ရွက်လျှက်ရှိနေသည်ဟု စစ်အုပ်စု သတင်းများက ဆိုသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်ထောင်စု နယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ အနေဖြင့် အခြေခံ မဲဆန္ဒ ရှင်စာရင်းနှင့် မဲရုံများ ကြိုတင်ပြုစုနိုင်ရန်အတွက် ညွှန်ကြားချက်ထုတ်ထားသည်ဟုလည်း သိရသည်။
အဆိုပါ ညွန်ကြားချက်ထဲတွင် ရပ်ကွက်၊ ကျေးရွာအလိုက် အိမ်ထောင်စုဝင်များ၏ မိဘအမည် ပြည့်စုံမှု မရှိသည့် အိမ်ထောင်စုဝင်များ၊ သေဆုံးအိမ်ထောင်စုဝင်များ၊ လူမျိုးအမည်မပါရှိသည့် အိမ်ထောင်စုဝင်များ၊ နေရပ်လိပ်စာ အပြည့်အစုံမရှိသည့် အိမ်ထောင်စုဝင်များကို စိစစ်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပြင်ဆင်ခြင်းနှင့် ပယ်ဖျက်ခြင်း လုပ်ငန်း များကို ဆက်လက်ဆောင်ရွက်ရမည်ဟု ထည့်သွင်းဖော်ပြထားသည်။
မြစ်ကြီးနားခရိုင်အတွင်းက ဝိုင်းမော်မြို့နယ်၊ ချီဖွေမြို့နယ်၊ ဆော့လော်မြို့နယ်၊ တနိုင်းမြို့နယ်၊ အင်ဂျန်းယန်မြို့ နယ်နှင့် မြစ်ကြီးနားမြို့နယ်တို့ပါဝင်သည်ဟု သိရသည်။
စစ်ကောင်စီက ၂၀၂၃ သြဂုတ်လတွင် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်သည်ဟု လူထုအကြားတွင် ပြန့်နှံ့လျှက်ရှိပြီး ယခင်က ရွေးကောက်ပွဲပြုလုပ်ပါက အသက် ၁၈ နှစ် အထက် မှတ်ပုံတင်ရှိ သူများကိုသာ စာရင်းကောက်ခံနေသည်ဟု သိရသည်။







