ပူတာအိုတွင် ဓါတ်ဆီ ပြတ်လုပြီ

ပူတာအိုတွင် ဓါတ်ဆီ ပြတ်လုပြီ

ပူတာအိုမြို့တွင် ဓာတ်ဆီတစ်ဂါလံကို ကျပ် ငါးသောင်းခန့် အထိ ဈေးပေါက်နေသည်ဟု မြို့ခံများက ပြောသည်။

တိုက်ပွဲများ တစ်လနီးပါးအကြာ ဖြစ်ပွားနေသည့် ကချင်ပြည်နယ် ပူတာအိုမြို့တွင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ စတင်၍ ဓာတ်ဆီတစ်ဂါလံလျှင် ကျပ်သုံးသောင်းမှ ငါးသောင်းကြား ပေးဝယ်နေရပြီး ရောင်းမည့် ဆိုင်ပင် မရှိသလောက်ဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။

ယခုလအတွင်း ပူတာအိုမြို့နယ်အတွင်းက ကျေးရွာအချို့တွင် စစ်ကောင်စီတပ်နှင့် KIA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ အကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး PDF အဖွဲ့များဘက်က ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ဖေဖော်ဝါရီလကုန်အထိ ပူတာအို-မြစ်ကြီးနား ကားလမ်းကို အသုံးမပြုကြရန် မေတ္တာရပ်ခံ တိုက်တွန်းထားသည်။

ထိုသို့ မေတ္တာရပ်ခံတိုက်တွန်းချက်ထွက်လာပြီးနောက် ဒေသအတွင်း စက်သုံးဆီပြတ်လပ်လာပြီး ယခုကဲ့သို့ စျေးနှုန်းမြင့်တက်လာရခြင်း ဖြစ်သည်ဟု ပူတာအိုဒေသခံများက ပြောသည်။

ယခင်က ဂရန်းအပြာပုလင်းကြီး တစ်ပုလင်းလျှင် ကျပ် ၁၀၀၀ ခန့်သာပေးရပြီး ယခု တစ်ပုလင်းကို ကျပ် ၆၀၀၀ မှ ၈၀၀၀ ကျပ်အထိ ပေးနေရပြီး ဓါတ်ဆီပန့်ဆိုင်ကြီးများတွင် ဝယ်မရတော့ဘဲ လမ်းဘေးဆိုင်များတွင်သာ ဝယ် နေရသည်ဟု မြို့မရပ်ကွက်တွင် နေထိုင်သူတစ်ဦး က ပြောသည်။

“ပြည်သူတွေက စိုးရိမ်ကြောင့်ကျမှု ရှိလာတယ်။ စိတ်မလုံခြုံမှုလေ တချို့ဆိုရင် ဗုံးခိုကျင်းတွေတောင် တူးကြ တာရှိလာတယ်” ဟု ပူတာအို မြို့ခံတစ်ဦးက ပြောသည်။

စက်သုံးယာဉ်နှင့် ဆက်စပ်သည့် ဝန်ဆောင်မှုလုပ်ငန်းများလည်း စျေးနှုန်းများ တက်နေပြီး လူသုံးကုန်နှင့် အသုံး အဆောင် ကုန်ပစ္စည်းများမှာ လက်ရှိအချိန်ထိ ဈေးနှုန်း အပြောင်းအလဲ မရှိသေးသော်လည်း နောက်ပိုင်း တက် လာနိုင်သည်ဟု မြို့ခံများက ပြောသည်။

ပူတာအိုမြို့နယ်အတွင်းက ကုန်ပစ္စည်း ၉၀ ရာခိုင်နှုန်းသည် မြစ်ကြီးနားမြို့ မှ ကုန်းလမ်းကြောင်း ဖြင့် လာသည့် ပစ္စည်းများဖြစ်၍ နောက်ပိုင်းဈေးတက်လာနိုင်သည်ဟု ပူတာအိုမြို့ခံ က ဆက်ပြောသည်။

ပူတာအိုမြို့တွင် ယခင်က Petrol 7၊ ပြည့်ပြည့်၊ တိုင်းကျော်၊ ဇေယျာမင်း စသည့် စက်သုံးပန့်ဆီဆိုင်ကြီးများရှိပြီး ယခုလက်ရှိအချိန်တွင် ပိတ်ထားကြပြီး လမ်းဘေးတွင် ပုလင်းနှင့်ရောင်းချသည့် ဆိုင်များတွင်သာ တိုးဝှေ့ ဝယ်ယူ နေကြရသည်ဟု သိရသည်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ စတင်၍ လူစီးကားနှင့် ကုန်ကားများ အတက်အဆင်း လုံးဝရပ်နားထားရပြီး မည်သည့်အချိန်ထိ လမ်းဆက်ပိတ်မည်ကို မသိရသေးဘူးဟု ပူတာအိုမြို့က ကားဂိတ် တာဝန်ခံတစ်ဦး က ပြော သည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ပူတာအိုသို့ စစ်သားအင်အား ၁၀၀ ကျော်ကို လေယာဉ်ဖြင့် ပို့ဆောင်ခဲ့ပြီးနောက် ယနေ့အချိန်ထိ ပူတာအိုမြို့နယ်အတွင်းရှိ လုံရှာယန်ကျေးရွာ၊ အင်စီယန်ကျေးရွာ၊ ဖတ်မာကျေးရွာ၊ ဆွမ်ပီယန် ကျေးရွာ၊နှင့် တန်ဂျာကျေးရွာတို့အနီးတွင် တိုက်ပွဲများ ကြို့ကြားကြို့ကြားဖြစ်ပွားနေပြီး စစ်ကောင်စီဘက် က လည်း တိုက်ပွဲအတွင်း ဝေဟင်ထိုးစစ်များပါ အသုံးပြုနေသည်။

ဓါတ်ပုံ - ပုံဟောင်း
July 27, 2026
စစ်တပ်က အင်အားထပ်မံဖြည့်တင်းထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ၇ မိုင်အကွာရှိ ရွှေမင်းဂံရေတပ်...
July 27, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်ခြမ်းရှိ လေးကေ့ကော်မြို့သစ် အနောက်ဘက် ရဲကုန်းနေရာ၌ ပြီးခဲ့သည့်...
July 27, 2026
UWSA ‘ဝ’ အပါအဝင် မဟာမိတ်ညီနောင် အချို့ စစ်တပ်နှင့် တွေ့ဆုံရန် ပြင်ဆင်နေချိန်အတွင်း...
ဓါတ်ပုံ - Soe Than WIN/AFP via Getty Images
July 25, 2026
စစ်တပ် ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်း အခုရက်ပိုင်းအတွင်း စစ်တပ်က...