ပူတာအိုနှင့် မချမ်းဘော့တွင် စစ်အင်အားဖြည့်ရန် ခေါင်လန်ဖူးပြည်သူ့စစ်အဖွဲ့ကို ညွှန်ကြားထား

ပူတာအိုနှင့် မချမ်းဘော့တွင် စစ်အင်အားဖြည့်ရန် ခေါင်လန်ဖူးပြည်သူ့စစ်အဖွဲ့ကို ညွှန်ကြားထား

လက်ရှိ စစ်ရေးတင်းမာနေသော ပူတာအို နှင့် မချမ်းဘော့ဒေသတွင် စစ်အင်အားဖြည့်တင်းရန် စစ်ကောင်စီ မှ ခေါင်လန်ဖူးပြည်သူ့စစ်အဖွဲ့ကို ညွှန်ကြားထားသည်ဟု သိရသည်။

ပူတာအိုတွင် စစ်ကောင်စီ၏ အင်အား အလွန်နည်းပါးနေသောကြောင့် ခေါင်လန်ဖူး ပြည်သူ့စစ်အဖွဲ့ကို ခေါ်ယူခြင်းဖြစ်သည်ဟု ပူတာအိုဒေသခံတစ်ဦးက KNG ကို ပြောသည်။

“မူလာရှီးဒီ ကျေးရွာတစ်ချို့မှာတောင် ကတုတ်ကျင်း တူးထားပြီး လှုပ်ရှားနေပြီတဲ့။ မနေ့ကပဲ ရှိသေးတယ်။ စစ်အင်အား အတိအကျမသိပေမယ့် ဆင်းလာတာတော့သေချာပြီ ဘာလို့ဆိုတော့ ပူတာအိုမှာက အင်အား ဘာမှ မရှိတော့ဘူးလေ။ ခေါင်လန်ဖူးမှာပဲ ပြည်သူ့စစ်အင်အား များတာ။”  ဟု ပြောသည်။

ယခင်ရက်များက ပူတာအို စစ်ကောင်စီဂိတ်များတွင် သက်ကြီးရွယ်အို စစ်သားဟောင်းများကို ကင်းစောင့်ချထားသော်လည်း ယမန်နေ့မှ စတင်ပြီး ပြည်သူ့စစ်အင်အားများပါ ပူးတွဲချထားသည်ဟု သူက ဆက်ပြောခဲ့သည်။

ထို့အပြင် ယခုအပတ်အတွင်း ပူတာအိုအခြေချ စစ်ဗျူဟာမှူး မှ ခေါင်လန်ဖူး ပြည်သူ့စစ်တပ်ဖွဲ့၏ စစ်အင်အားများကို ပူတာအိုနှင့် မချမ်းဘော့သို့ အမြန်ဆုံးအင်အားဖြည့်ရန် ညွန်ကြားထားသည်ဟု အဆိုပါပြည်သူ့စစ်အဖွဲ့နှင့် ရင်းနီးသော အမည်မဖော်လိုသူ ရဝမ်လူကြီးတစ်ဦးထံမှ ဆက်လက်သိရသည်။

လက်ရှိ မြစ်ကြီးနား- ပူတာအို လမ်းပိုင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၇ နှင့် PDF တို့မှ ထိန်းချုပ်ထားပြီး စစ်ကောင်စီ ပူတာအို ၄၆ ဗျူဟာတပ်ရင်းမှ စစ်အင်အားများကို ဖတ်မာကျေးရွာဘက်သို့ အလုံးအရင်းပို့ဆောင်ထားသောကြောင့် လုံရှာယန်နှင့် ဖတ်မာကျေးရွာအနီးတွင် နှစ်ဖက်တပ် စစ်ရေးတင်းမာနေဆဲ ဖြစ်သည်ဟု သိရသည်။

ထို့အပြင် အဆိုပါပြည်သူ့စစ်အဖွဲ့သည် ၎င်းစိုးမိုးသောဒေသရှိ ရွှေတူးဖော်ရေးလုပ်ငန်းများနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် စက်သုံးဆီများ ပြတ်လပ်လာသဖြင့် ခေါင်လန်းရှိ လုပ်ငန်းအချို့ကို ရပ်နားထားသည်ဟုလည်း ပူတာအိုဒေသခံတစ်ဦးထံမှ သိရသည်။

ထိုသို့ ပြည်သူ့စစ်အဖွဲ့အတွက် လိုအပ်နေသော စက်သုံးဆီများ သယ်ယူနိုင်ရန် ကချင်လွတ်လပ်ရေးတပ်မတော် KIA ထံ တောင်းဆိုမှု ပြုလုပ်ခဲ့သော်လည်း အဆင်မပြေခဲ့ကြောင်း ပြည်သူ့စစ်အဖွဲ့နှင့် ရင်းနီးသော အမည်မဖော်လိုသူ ရဝမ်လူကြီးတစ်ဦးထံမှ ထပ်မံ သိရသည်။

ပူတာအိုမြို့နယ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး ဆွမ်ပီယန်နှင့် လုံရှာယန်ကျေးရွာရှိ စစ်ကောင်စီ တပ်စခန်းများကို KIA နှင့် PDF တို့မှ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် စစ်ကောင်စီမှ ဆွမ်ပီယန်ကျေးရွာကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထို့နောက် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် လုံရှာယန်ကျေးရွာအနီး နှစ်ဖက်တပ် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေဆဲဖြစ်ကာ ဒေသခံအချို့မှာလည်း ဘေးလွတ်ရာသို့ ထွက်ပြေးနေရဆဲဖြစ်ပါသည်။

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...