ပုသိမ်တဘက်ကမ်း ရဲစခန်း ဗုံးပစ်ခံရ

ပုသိမ်တဘက်ကမ်း ရဲစခန်း ဗုံးပစ်ခံရ

ပုသိမ်မြို့ တစ်ဘက်ကမ်းရှိ နယ်မြေရဲစခန်း ဖေဖော်ဝါရီလ ၉ ရက်နေ့၊ နံနက် ၈ နာရီကျော်ခန့်က လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရသည် ဟု သိရသည်။

ဧရာဝတီတိုင်း၊ ပုသိမ်တဘက်ကမ်း ပုသိမ် မြစ်ကူး တံတားသစ် အဆင်း အမှတ် ၉ ရပ်ကွက်ရှိ သင်္ဘောကျဉ်း နယ်မြေရဲစခန်းရှေ့သို့ အမည်မသိ သူအချို့က ဆိုင်ကယ်ဖြင့် ရုတ်တရက် ရောက်ရှိလာပြီး လက်ပစ်ဗုံးတစ်လုံးကို ပစ်သွင်းသွားခြင်းဖြစ်သည် ဟု ရဲတပ်ဖွဲ့ နှင့် နီးစပ်သူ အချို့က ပြော သည်။

“လက်ပစ်ဗုံးက မပေါက်တော့ လူတွေသိပ် မသိကြဘူး။ စစ်တပ်က ရေးကြီးသုတ်ပြာ ရောက်လာတော့မှ ရဲစခန်း ထဲက ထွက်လာသူတွေ ပြောလို့ သိရတာ” ဟု ယင်းရပ်ကွက်အတွင်း နေထိုင်သူတစ်ဦး က ပြောသည်။

လက်ပစ်ဗုံးဖြင့် ပစ်ပေါက် တိုက်ခိုက်ခံရသဖြင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ရဲစခန်း အနီးက ရပ်ကွက်အတွင်း စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ခဲ့သည်ဟု သိရသည်။

ယင်းတိုက်ခိုက်မှုကို ပုသိမ်အနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Pathein Western Defence Force (P.W.D.F) က မဟာမိတ်ညီနောင်ရင်း ဖြစ်ကြသော CDM Police Defence Force (AYA)နှင့် Beach Defence Force (BDF) တို့က ပူးပေါင်းပြီး သတိပေးသည့် အနေဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

သို့သော် ပုသိမ် ဒေသခံ တစ်ဦးက “အဲ့လို မစို့မပို့တွေ မလုပ်စေချင်ဘူး။ အချိန်ယူရင် ယူရပါစေ ထိရောက်စေ ချင်တယ်။ အခုတော့ ဒေသခံ လမ်းသွားလမ်းလာတွေပဲ အစစ်ခံ အရစ်ခံ အဖမ်းခံဆိုတော့ မတန်ပါဘူး” ဟု ပြောသည်။

ပုသိမ် တစ်ဘက်ကမ်း ပုသိမ်တံတားသစ် အဆင်းရှိ သင်္ဘောကျဉ်း နယ်မြေ ရဲစခန်းကို ၂၀၂၁ ခုနှစ် စက်တင်ဘာ လ အတွင်းက အမျိုးသားညီညွတ်ရေးအစိုးရ NUG က D Day ကြေငြာပြီးနောက် ဗုံး ၂ လုံး ဆက်တိုက် ဖောက်ခွဲ တိုက်ခိုက်ခံရသေးသည်။

သို့သော် ထိုဖောက်ခွဲတိုက်ခိုက်ခံရမှု ဖြစ်စဉ်တွင်လည်း လူသူထိခိုက်ခြင်း မရှိဘူးဟု ဒေသခံများက ဆိုသည်။

May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာသတ္တုခဲမိုင်း...
May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...