မိုးကောင်း ဆားမှော်ကျေးရွာအနီး စစ်ကောင်စီ တပ်စခန်း ၂ ခုကို KIA တိုက်ခိုက်ချေမှုန်း

မိုးကောင်း ဆားမှော်ကျေးရွာအနီး စစ်ကောင်စီ တပ်စခန်း ၂ ခုကို KIA တိုက်ခိုက်ချေမှုန်း

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာဖြင့် ၂ မိုင်ခန့်ဝေးသော ကညှင်မြိုင်ကျေးရွာအနီးရှိ စစ်ကောင်စီ တပ်စခန်း ၂ ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းတွင် တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ကြောင်း KIO ဘက်အတည်ပြု ပြောဆိုသည်။

“KIA ဘက်က စစ်ကောင်စီ တပ်စခန်း ၂ခုကို သွားရောက်တိုက်ခိုက်သိမ်းပိုက်တာမှန်ပါတယ်။ ကျနော်တို့ဘက်ကတော့ တပ်စခန်းတွေ မီးရိူ့ဖျက်ဆီးပြီးမှ ပြန်နောက်ဆုတ်ခဲ့တယ်လို့ ကြားတယ်။ အသေအပျောက်စာရင်းက မသိရသေးဘူး” ဟု KIO ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက KNG ကို ပြောဆိုထားသည်။

ဒီဇင်ဘာ ၂၄ နံနက် ၃ နာရီဝန်းကျင်တွင် KIA တပ်မဟာ ၉ လက်အောက် တပ်ရင်း ၄၄ အဖွဲ့က စစ်ကောင်စီတပ်၏ ခမရ ၃၈၃ နှင့် ခမရ ၃၈၄ တပ်စခန်း ၂ ခုကို သိမ်းပိုက်နိုင်ခဲ့ကာ မီးရိူ့ဖျက်ဆီးလိုက်ခြင်းဖြစ်သည်ဟု သိရသည်။

ထို့နောက် နံနက်ပိုင်း ၅ နာရီဝန်းကျင်ခန့်တွင် စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် ၅ ကြိမ်ထက်မနည်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ကညှင်မြိုင်မှာ တပ်စွဲထားတဲ့ တပ်စခန်း ၂ခုကို သွားရောက်တိုက်ခိုက်ခဲ့တယ်။ စခန်း ၂ခုစလုံးကို မီးရိူ့ဖျက်စီးခဲ့တယ်။ စစ်ကောင်စီကနေ ဗုံးကြဲတိုက်ခိုက်လာတဲ့အတွက် ပြန်နောက်ဆုတ်သွားခဲ့တယ်”ဟု KIA ရှေ့တန်း ရင်းမြစ်တစ်ဦးက ပြောဆိုသည်။

ထို့အပြင် ဆားမှော်တွင် တပ်စွဲထားသည့် စစ်ကောင်စီ စစ်တပ်စခန်းမှလည်း လက်နက်ကြီးများဖြင့် KIA ရှိရာဘက်သို့ ပစ်ခတ်ခဲ့ပြီး ၂ ဖက်တပ်ဖွဲ့များ အပြန်အလှန်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

KIA နှင့် PDF တို့အနေဖြင့် စစ်ကောင်စီတပ်၏ တပ်စခန်း ၂ ခု မီးရိူ့ဖျက်ဆီးခဲ့သည့်အပြင် လက်နက်ပစ္စည်းအများအပြားလည်း သိမ်းယူနိုင်ခဲ့ကြောင်း ဆက်လက်သိရသည်။

KIA တပ်မဟာ ၉ တပ်ရင်း ၆ နယ်မြေ ဖားကန့် ဝှေ့ခါမှော် ဂျန့်ဂါကုန်း အနီးတဝိုက်တွင်လည်း ဒီဇင်ဘာ ၂၃ ရက်နေ့ ညနေပိုင်း ၄ နာရီဝန်းကျင်ခန့်က စစ်ကောင်စီနဲ့ KIA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။

May 5, 2026
အမိုး — စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ Star Link Wifi...
May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...
April 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က အမျိုးသားညီညွတ်ရေးအစိုးရ NUGသိမ်းပိုက်ထားတဲ့...
April 29, 2026
ဖားကန့်မှာ စစ်တပ်ဖမ်းဆီးသွားတဲ့ မိုင်(Mai) ဆေးရုံက ဆေးဆရာဝန်တစ်ချို့နဲ့ ဥရုဆွတ်အောင်တည်းခိုခန်းက...