သထုံမြို့တွင်း နေရာခြောက်နေရာတွင် ဗုံးပေါက်ကွဲ

သထုံမြို့တွင်း နေရာခြောက်နေရာတွင် ဗုံးပေါက်ကွဲ

မွန်ပြည်နယ် သထုံမြို့ပေါ်တွင် ဒီဇင်ဘာလ ၂၀ ရက်နေ့၊ နံနက်အစောပိုင်းအချိန်က ဗုံးပေါက်ကွဲမှု ခြောက်ကြိမ် ထက် မနည်း ဆက်တိုက်ဖြစ်ပွားခဲ့ပြီး လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ယနေ့ နံနက် ၅ နာရီဝန်းကျင် အချိန်ခန့်ကစတင်၍ သထုံမြို့ပေါ်ရှိ စိုးမိုး Mobile ဖုန်းဆိုင်၊ သုဝဏ္ဏဘီယာဆိုင်၊ ရန် ကုန်အဖျော်ယမကာ အရောင်းဆိုင်နှင့် ပြည်တော်သာ အဖျော်ယမကာ အရောင်းဆိုင်တို့တွင် ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

ထို့အပြင် သထုံမြို့ပေါ်ရှိ လဝကရုံးနှင့် ကညနရုံးနေရာတို့တွင်လည်း ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု  ဒေသခံ များ က ပြောသည်။

"ဒီတလော သထုံမှာ ပေါက်ကွဲမှုဖြစ်စဥ်တွေက ဆက်တိုက်ဖြစ်နေတယ်။ ဒီမနက်မှာလည်း ဆိုင်တွေမှာ ပေါက်ကွဲ မှု ထပ်ဖြစ်တယ်။ ပေါက်ကွဲမှုတွေ ဖြစ်တိုင်းလည်း မြို့ပေါ်မှာ စစ်ဆေးမှုတွေ တင်းကြပ်တယ်။ အသွားအလာ သတိထားရတယ်" ဟု သထုံမြို့ခံ တစ်ဦးက ပြောသည်။

အဆိုပါပေါက်ကွဲမှု ဖြစ်စဥ်များကြောင့် အဆောက်အဦအချို့ ထိခိုက်ပျက်စီးမှုခဲ့ရှိသည့် အပြင် အနီးတွင် သွားလာ နေသည့် ပြည်သူတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိသည်။

ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်နေရာများတွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့များက လုံခြုံရေး တင်းကြပ်ထားပြီး ရှာဖွေစစ်ဆေး မှုများ လုပ်ဆောင်နေသည်ဟုလည်း သိရသည်။

သထုံ မြို့ပေါ်က လဝကရုံး၊ ကညနရုံး၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးတို့တွင် ပြီးခဲ့သည့် လကတည်းက ပေါက်ကွဲမှု များ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

အဆိုပါပေါက်ကွဲမှုဖြစ်စဉ်များကို မွန်-သထုံ အထူးကာကွယ်ရေးတပ်ဖွဲ့က ၎င်းတို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု  ထုတ်ပြန်ထားသည်။

ထို့အပြင် ပြည်သူလူထုအနေဖြင့်လည်း စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ်မှုကို ရှောင်ကြည်းပေးကြရန် ဆို သည့်အချက်အပါအဝင် စစ်တပ်ထုတ်ကုန်များ ရောင်းသည့် ဆိုင်များ အနီးအနားသို့လည်း မသွားကြရန် မွန်-သထုံ အထူးကာကွယ်ရေးတပ်ဖွဲ့က သတိပေးထုတ်ပြန်ထားသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် သထုံမြို့နယ်အတွင်း ဗုံးပေါက်ကွဲမှုဖြစ်စဥ်များ ဖြစ်ပွားခဲ့သည့်အပြင် အုပ် ချုပ်ရေးမှူးများ ပစ်သတ်ခံရသည့် ဖြစ်စဥ်များလည်း ဆက်တိုက်ဖြစ်ပွားလာခဲ့သည်။

ထိုကဲ့သို့ ဗုံးပေါက်ကွဲမှုများ ရပ်ကျေး အုပ်ချုပ်ရေးမှူးများ ပစ်သတ်ခံရမှုများ ဆက်တိုက်ဖြစ်ပွားလာသည့် နောက် ပိုင်းတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက စစ်ဆေးမှုများ ပိုမိုတင်းကြပ်စွာ ပြုလုပ်လာသည့်အပြင် ဖမ်းဆီးမှုများ လည်း ဆက်တိုက်ပြုလုပ်လာသည်ဟု ဒေသခံများက ပြောသည်။

May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာသတ္တုခဲမိုင်း...
May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...