NLD ပါတီဝင် ကျေးရွာအုပ်ချုပ်ရေးမှူး အိမ်ကို ချိပ်ပိတ်

NLD ပါတီဝင် ကျေးရွာအုပ်ချုပ်ရေးမှူး အိမ်ကို ချိပ်ပိတ်

တနင်္သာရီတိုင်း ဒေသကြီး၊ သရက်ချောင်းမြို့နယ်အတွင်းရှိ  အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကျေးရွာ အဆင့် ခေါင်းဆောင်၏ နေအိမ်ကို စစ်ကောင်စီ တပ်ဖွဲ့များ လာရောက်၍ ချိပ်ပိတ်သွားကြောင်း ဒေသခံ ရွာသားများက ပြောသည်။

ကျွဲမင်းကုန်းကျေးရွာတွင် နေထိုင်သူ၊ ကျေးရွာအတွင်း NLD ပါတီ ဦးဆောင်နေသူ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းလည်း ဖြစ်သူ အသက် ၅၃ နှစ် အရွယ်ရှိ ဦးစိုးသိန်းကို PDF အဖွဲ့အား ဆက်သွယ် ထောက်ပံ့နေသူတစ်ဦးဟု စွပ်စွဲပြီး ဖမ်းဆီးရန်ရောက်လာခြင်း ဖြစ်သည် ဟု  ဆွေမျိုး တော်စပ်သူ ရွာသားတစ်ဦးက ပြောသည်။

“ဦးစိုးသိန်းတို့ မိသားစုအားလုံးက တိမ်းရှောင်နေကြတာမို့ အိမ်မှာ မရှိကြဘူး။ အိမ်ထဲမှာရှိတဲ့ မီးဖိုချောင်က စားစရာတွေ အချိုမှုန့်ကအစ အကုန်လုံး ကားပေါ်တင်ပြီးမှ အိမ်ကို ချိပ်ပိတ်တာ” ဟု ၎င်းက ပြောသည်။

ဒီဇင်ဘာလ ၁၄ ရက်နေ့၊ မွန်းလွဲ ၂ နာရီဝန်းကျင် အချိန်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး နေအိမ် တွင်းရှိ ပစ္စည်းများ သိမ်းယူ၍ နေအိမ်ကို ချိပ်ပိတ်သွားခြင်း ဖြစ်သည်။

ယင်းနေ့ မတိုင်မှီ ဒီဇင်ဘာလ ၁၃ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကား သုံးစီးဖြင့် ဦးစိုးသိန်းအား ဖမ်းဆီးရန်တစ်ကြိမ် လာရောက်ခဲ့ကြပြီး နေအိမ်တွင် လူမရှိသဖြင့် နေအိမ်တွင်းရှိ ပစ္စည်းများ ရိုက်ခွဲဖျက်စီးခဲ့သွားသည်ဟု ဒေသခံ ရွာသားများ က ပြောသည်။

ဦးစိုးသိန်းသည် ကျေးရွာတွင် NLD ပါတီကို ဦးဆောင်နေသူဖြစ်ပြီး ရပ်ကျေး အုပ်ချုပ်ရေးမှူးဟောင်း တစ်ဦး လည်း ဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ်လ ၃၀ရက်နေ့က ဖြစ်ပွားခဲ့သည့် ကျွဲမင်းကုန်းကျေးရွာ အနီးက ကနက်သီရိကျေးရွာ ပြည်သူ့ စစ်နှစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သည့် ကိစ္စရပ်တွင် ပါဝင်ပတ်သက်မှုရှိသည် ဟု ဆိုကာ ဦးစိုးသိန်းကို စစ်ကောင်စီမှ ဖမ်းဝရမ်းထုတ်ထားသည်ဟု ဒေသခံရွာသားများက ပြောသည်။

February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...