ဖားကန့် မှော်စီစာ အထက်တန်းကျောင်းဝင်း မိုင်းပေါက်ကွဲ ၆ဦးထက်မနည်းထိခိုက်ဒဏ်ရာရ

ဖားကန့် မှော်စီစာ အထက်တန်းကျောင်းဝင်း မိုင်းပေါက်ကွဲ ၆ဦးထက်မနည်းထိခိုက်ဒဏ်ရာရ

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာ အထက်တန်းကျောင်း(ခွဲ) အဝင်ပေါက်တွင် နိုဝင်ဘာ ၂၆ ရက် နံနက်ပိုင်းက မိုင်းပေါက်ကွဲမှုကြောင့် ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားသည့်နေ့ နံနက်ပိုင်း ၈ နာရီဝန်းကျင်တွင် ဆရာ/မများ၊ ကျောင်းသား/သူ များနှင့် မိဘများပါလာသည့် ကျောင်းကားတစ်စီး ကျောင်းဝင်းအတွင်း မိုင်းနင်းမိပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု မှော်စီစာ ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“ပေါက်ကွဲမှုဖြစ်သွားတာက မနက်ပိုင်းကျောင်းစတက်ချိန်မှာ ဖြစ်သွားတယ်။ ကျောင်းပိုင် လိုက်ထရိုက်ကားက အဝင်ပေါက်မှာ ရောက်တာနဲ့ ကားရဲ့ရှေ့ဘီးက မိုင်းနင်မိပြီး ပေါက်ကွဲသွားတယ်။ အဲ့တော့ ကားပေါ်မှာ ပါလာတဲ့ သူတွေက ထိခိုက်မှုရှိသွားတယ်”ဟု ပြောသည်။

မိုင်းပေါက်ကွဲမှုတွင် ကားပေါ်တွင်ပါလာသည့် ဆရာတစ်ဦး၊ ဆရာမ ၂ဦးနှင့် ကျောင်းသူတစ်ဦး စုစုပေါင်း ၄ဦးတို့မှာ ထိခိုက်ဒဏ်ရာ အနည်ငယ်သာ ရရှိခဲ့ပြီး ကျောင်းသား မိဘတစ်ဦးမှာ ခြေထောက်တစ်ဖက်ပေါ်တွင် မိုင်းစထိမှန်ကာ ပြင်းထန်ဒဏ်ရာရရှိထားသည်ဟု သူက ဆက်ပြောသည်။

ထို့ပြင် ကျောင်အပြင်ဘက်မှ ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသားတစ်ဦးလည်း ထိုပေါက်ကွဲမှုဖြစ်စဥ်အတွင်း ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

အဆိုပါ ကျောင်းဝင်းအတွင်း ပေါက်ကွဲမှုကို မည်သည့် အဖွဲ့အစည်းမှ လာရောက်လုပ်ဆောင်သွားသည်ကို မသိရသေးပါ။

မှော်စီစာအထက်တန်းကျောင်း(ခွဲ)သည် ယခုလဆန်းပိုင်းက စစ်ကောင်စီပြန်ဖွင့်ခဲ့သော ကျောင်းဖြစ်ပြီး ကျောင်းသား ၁၀၀ ကျော်ခန့်က စာသင်ကြားနေကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။

လက်ရှိ ဖားကန့်မြို့နယ်တွင် ရှိသော အထက်တန်း ကျောင်းနှင့် အလယ်တန်း ၈ ခုခန့်ကို စစ်ကောင်စီက ဖွင့်လှစ်ထားပြီး အဆိုပါ ကျောင်း (၈) ကျောင်းတွင် ခန့်မှန်းခြေ ကျောင်းသားဦးရေ ၈၀၀ နီးပါးတက်ရောက်နေကြကြောင်း သိရသည်။

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...