ပူတာအိုတွင် Covid-19 အလွန်များလာသဖြင့် ကျန်းမာရေးအသုံးအဆောင်ကူညီထောက်ပံ့မှုလိုအပ်

ပူတာအိုတွင် Covid-19 အလွန်များလာသဖြင့် ကျန်းမာရေးအသုံးအဆောင်ကူညီထောက်ပံ့မှုလိုအပ်

ပူတာအိုမြို့နယ်ကျေးရွာအားလုံးနီးပါတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု အလွန်များပြားလာသဖြင့် ဆေးဝါးနှင့် ကျန်းမာရေးအသုံးအဆောင်ပစ္စည်းအကူအညီများ လိုအပ်နေကြောင်း သိရသည်။

ပြီးခဲ့သော အောက်တိုဘာ လလယ်ပိုင်းမှ စတင်ကာ ပူတာအိုမြို့ပေါ်နှင့် ကျေးရွာအားလုံးတွင် ရောဂါကူးစက်ပျံ့နှံ့မှု အရှိန်မြင့်တက်ခဲ့ပြီး လက်ရှိတွင် ရောဂါထိန်းချုပ်ရန် အလွန်ခက်ခဲနေသောကြောင့် ကူညီထောက်ပံ့မှုများ အမြန်လိုအပ်နေသည်ဟု ပူတာအိုတွင် ကိုဗစ်နှင့်ပတ်သက်ပြီး ကူညီဆောင်ရွက်ပေးနေသည့် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ယခုလို ပြောဆိုသည်။

“ကျနော်တို့ ပူတာအိုမြို့နယ်မှာ ၂ ပတ်အတွင်းမှာတင် ကိုဗစ် တော်တော်ဆိုးရွားသွားတယ်လို့ ပြောလို့ရပါတယ်။ မြို့ပေါ်နဲ့ တောင်ပေါ်ဒေသတွေမှာ အကုန်ပျံ့နှံ့သွားတယ်။ အခုက ဒီရောဂါကို အမြန်ဆုံးထိန်းချုပ်ဖို့က မနိုင်မနင်း ဖြစ်နေရတယ်။ ပရဟိသအသင်းလည်းနည်းတယ်။ ကျန်းမာရေးဌာနကလည်း အများဆိုမနိုင်တော့ဘူး။ အဲ့ကြောင့် အခုလိုအပ်နေတာက ဆေးဝါးဖြစ်တယ်။ ဆေးဝါးရှိမှ ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်လို့ရမယ်။ ပိုဆိုးတာက တခြားဒေသတွေနဲ့မတူတဲ့ သွားလာရေးခက်ခဲလို့ပေါ့” ဟု ၄င်းကပြောသည်။

၂ ပတ်အတွင်း ကိုဗစ်အတည်ပြုလူနာ ၈၀၀ ကျော်ခန့်နှင့် ကိုဗစ်ရောဂါလက္ခဏာဖြင့် သေဆုံးသူ ၁၀ ဦးထက်မနည်းရှိခဲ့ပြီး ကျန်မားစစ်ဆေးမှုမပြုလုပ်နိုင်သည့် ကိုဗစ်လူနာ အများအပြားလည်းရှိနေကြောင်း သူက ဆက်ပြောသည်။

“အခုဆေးစစ်ပြီး အတည်ပြုစာရင်းက ၈၀၀ ကျော်ရှိသွားပြီ။ ကျေးရွာတိုင်းက တစ်ရက်ကို ၁၀ ယောက်ထက်က ပုံမှန်တိုးနေတာ လေ။ အခုပြောတာက ဆေးရုံကျန်းမာရေးကထုတ်ပြန်တဲ့ စာရင်းဘဲရှိသေးတယ်။ ရွာတွေမှာ ကွင်းဆင်းပြီး စစ်ဆေးမယ်ဆိုရင် ထောင်ချီတော့ရှိမှာဘဲ။ သေဆုံးတဲ့စာရင်းတွေလည်း သေချာမစုနိုင်ဘူး။ အမှန်တကယ် ၁၀ ယောက်အထက် သေဆုံးနေတာလည်း ဖြစ်နိုင်တယ်”ဟု လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ကျေးရွာစုစုပေါင်း ၈၀ ကျော်ခန့်ရှိသည့် ပူတာအိုမြို့နယ်တွင် ပမ္မတီး၊ နမ်ထွမ့်ခူး၊ ခါးလန်နှင့် အဝါ့ဒမ်း ကျေးရွာတို့တွင် ကိုဗစ်ရောဂါကူးစက်ပျံ့နှံ့မှု အများဆုံးဖြစ်ပွားနေကြောင်း သိရသည်။

စစ်ကောင်စီသစ္စာခံ အုပ်ချုပ်ရေးမှူးများအဖွဲ့က ရိုးရာယာဉ်ကျေးမှု ဘောလုံးဖလားစကားပွဲကျင်းပရန် ခွင့်ပြုမိန့်ပေးလိုက်ခြင်းကြောင့် အဆိုပါ ဘောလုံးပွဲစကားပြီးသည့်နောက်ပိုင်း မြို့နယ်တစ်ခုလုံးကူးစက်ခံရခြင်းဖြစ်သည်ဟု ပူတာအိုဒေသခံများက  ပြောဆိုသည်။

July 31, 2026
ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းရှိ တာပိန်မြစ်ဝ၌ ရွှေအလွန်အကျွံ...
ဓါတ်ပုံ - HPDF
July 31, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း KIA ပူးပေါင်းတပ်နှင့် ရှမ်းနီအမျိုးသားများ...
July 30, 2026
အမေရိကန် ပြည်ထောင်စုတွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဥပဒေစိုးမိုးရေးအဖွဲ့ (ICE) က ကချင်...
July 30, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့တွင် စစ်ရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများကြောင့် ကြက်ဥ...