ဖယ်ခုံမြို့ စစ်ရှောင်များကို ကူညီပေးနေသူ အပါအဝင် ဆက်စပ်သူ ၇ ဦး ဖမ်းဆီးခံရ

ဖယ်ခုံမြို့ စစ်ရှောင်များကို ကူညီပေးနေသူ အပါအဝင် ဆက်စပ်သူ ၇ ဦး ဖမ်းဆီးခံရ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့ ညောင်ကုန်း အမှတ် ၃ ရပ်ကွက်တွင် နေထိုင်သည့် စစ်ရှောင်များကို စားနပ်ရိက္ခာများ ကူညီပေးနေသူနှင့် ဆက်စပ်သူ ၇ ဦးတို့ကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း စုံစမ်းသိရသည်။

နိုဝင်ဘာလ ၁၅ ရက် မနက် ၉ နာရီတွင် ဖယ်ခုံမြို့ ညောင်တုန်း အမှတ် ၃ ရပ်ကွက်၌ နေထိုင်သည့် ကိုညီခင် ကို ၎င်း၏ နေအိမ်မှာပင် စစ်ကောင်စီတို့က လာရောက်ရိုက်နက် ဖမ်းဆီးခေါ်ဆောင်သွားပြီး နေအိမ်ကိုလည်း ဖျက်စီး မွှေနောက်သွားကြောင်း မျက်မြင်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီနေ့ မနက် ၉ နာရီဝန်းကျင်လောက်ဖြစ်သွားတာပါ၊ အိမ်မှာပဲ လာဖမ်းသွားတာ၊ အင်အားလည်းတော်တော် များတယ်၊ သူ့ကို (ကိုညီခင်) ဖမ်းပြီးတော့ ရိုက်တယ်၊ ပြီးတော့ အိမ်တွင်းပစ္စည်းတွေဆိုလည်း သူတို့ ရိုက်သွားလို့ တော်တော်ကို ပျက်စီးသွားတယ်” ဟု မြင်တွေ့ရသည့် အမျိုးသားတစ်ဦးက ပြောသည်။

ကိုညီခင်သည် ဖယ်ခုံမြို့တွင်းရှိ စစ်ဘေးရှောင်များကို စားနပ်ရိက္ခာများ ကူညီပေးနေသူတစ်ဦးဖြစ်သည့်အပြင် ပရဟိတလုပ်ငန်းများကိုလည်း စိတ်အားထက်သန်စွာ ပါဝင်လုပ်ဆောင်သူတစ်ဦးဖြစ်ကြောင်း သိရသည်။

“ကိုညီခင်က စိတ်ကောင်းရှိတဲ့သူပါ၊ သူက ပရဟိတလုပ်ငန်းတွေ အလှူတွေဆို အမြဲလုပ်တယ်၊ စစ်ကောင်စီတွေ သူ့ကို ဖမ်းသွားတော့ စစ်ဘေးရှောင်တွေအတွက် အရမ်းကိုနစ်နာပါတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

စစ်ကောင်စီတို့သည် ကိုညီခင် အပြင် ၎င်းနှင့် ဆက်စပ်နေသည့် ဖယ်ခုံမြို့တွင်းမှ စစ်ဘေးရှောင်အလှူရှင်နှင့် ပြည်သူ ၇ ဦးတို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဖယ်ခုံမြို့နေ ပရဟိတတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီလို စစ်ဘေးရှောင်တွေကို ကူညီနေတဲ့သူကိုမှ ဘာလို့ဖမ်းသလဲ ကျနော်တို့လည်း မသိဘူး၊ သူတို့ကို (စစ်ကောင်စီကို) ဘာမှ မဆန့်ကျင်ဘူးလေ၊ အခုဆို ကိုညီခင် အပါအဝင် သူနဲ့ ဆက်စပ်နေတဲ့ ၇ ဦးလည်း ဖမ်းဆီးခံရတယ်၊ အတိအကျတော့ မသိရသေးဘူး၊ ဘယ်ကို ဖမ်းခေါ်သွားလည်း မသိရဘူး” ဟု ဖယ်ခုံမြို့နေ ပရဟိတတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်များသည် ဖယ်ခုံ၊ မိုးဗြဲ၊ လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်များအတွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ ထိုမြို့နယ်များရှိ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကိုပါ တိုက်ခိုက်ဖျက်ဆီးနေသည့်အပြင် ပြည်သူများကိုလည်း မတရားဖမ်းဆီးမှုများ နေ့စဥ်ရှိနေကြောင်း သိရသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...