ကသာမြို့နယ် စစ်ရှောင်ပြည်သူနေအိမ်များ ဖောက်ထွင်းခံရ

ကသာမြို့နယ် စစ်ရှောင်ပြည်သူနေအိမ်များ ဖောက်ထွင်းခံရ

ကချင် စစ်ကိုင်းနယ်စပ် ကသာမြို့နယ်အတွင်း တိုက်ပွဲကြောင့် ထွက်ပြေးနေရသော ကျေးရွာအချို့ရှိ နေအိမ်များ ဖောက်ထွင်းခံနေရကြောင်း ဒေသခံများထံမှ သိရသည်။

"စစ်ရှောင်နေရတော့ လူတွေ မရှိကြဘူး။ အဲတော့ ဆေးသမားတွေက အခွင့်ကောင်းယူပြီး ခိုးကြတာ အိမ်တွေ ဖောက်ခံရတယ်။ ပြီးတော့ ဈေးဆိုင်တွေလည်း ဖောက်ခံရတယ်" ဟု မိုးတားလေး ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

ကသာမြို့နယ်၊ မိုးတားလေးကျေးရွာ ပြည်သူများသည် ပြီးခဲ့သည့် အောက်တိုဘာလ ၂၈ ရက်နေ့မှ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး နိုဝင်ဘာလ ၆ ရက်နေ့ဝန်းကျင်ခန့်မှ မိမိ‌ရပ်ရွာတွင် ပြန်လည်ရောက်ရှိလာခြင်း ဖြစ်ကြောင်း ဒေသခံများကပြောသည်။

သို့သော် နိုဝင်ဘာလ ၈ ရက်နေ့ စစ်ကောင်စီနှင့် PDF တိုက်ပွဲပြင်းထန်လာသည့်အတွက် မိုးတားလေးကျေးရွာအပြင် ရေနီ၊ တုတ်ကြီး၊ ဝဲကြီးကျေးရွာသားများလည်း ထပ်မံတိမ်း‌ရှောင်နေရကြောင်း ဒေသခံတစ်ဦး က ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များအား အပြည့်တင်ဆောင်လာသည့် သင်္ဘော ၂ စီးသည် နိုဝင်ဘာ ၁၁ ရက်တွင် ကသာမြို့နယ် မိုးတားလေးဘက်သို့ ဆန်တက်လာသလို အဆိုပါ သင်္ဘောအား လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့သည် တားလေးကျေးရွာ ဘုန်းကြီးကျောင်းများ၌ တပ်စွဲထားကြောင်း သိရသည်။

အဆိုပါ သင်္ဘော ၂ စီးအနက် တစ်စီးသည် စစ်သည်အင်အား ၁၀၀ ဝန်းကျင်ခန့်ရှိသည်ဟု ခန့်မှန်းနိုင်ပြီး ကျန်တစ်စီးသည် ရိက္ခာအပြည့် တင်ဆောင်လာသည် သင်္ဘောဖြစ်နိုင်ကြောင်း ဒေသခံများက ခန့်မှန်းပြောဆိုသည်။

ယင်းကဲ့သို့ စစ်ကောင်စီတပ်သည် ယခုရက်ပိုင်း ကသာနယ်တွင်းသို့ စစ်အင်အားများ ပိုမိုဖြည့်တင်းလာသည့်အပြင် တပ်သားများ ကျေးရွာအတွင်း တပ်စွဲနေထိုင်နေသေးသည့်အတွက် ဒေသခံများ မိမိနေရပ်ပြန်လည်နေထိုင်ရန် ခက်ခဲနေဆဲဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

"ခုရွာထဲ ပြန်သွားနေရအောင်ကလည်း စစ်တပ်က ရှိနေသေးတော့ ရွာသားတွေက မပြန်ရဲကြဘူး။ မပြန်တော့လည်း ခုရွာထဲမှာက သူခိုးတွေက ပိုသောင်းကျန်းလာတယ် ကျနော်တို့တော်တော်ခက်ခဲလာပြီ" ဟု ဝဲကြီးကျေးရွာသားတစ်ဦးက ပြောသည်။

ကသာမြို့နယ်တွင် နိုဝင်ဘာလ ၈ရက်နေ့မှ စစ်ကောင်စီနှင့် PDF တို့ ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမူများခဲ့ကာ PDF မှလည်း ဒဏ်ရာရရှိသူ အနည်းငယ်ရှိကြောင်း သိရသည်။

ကသာမြို့သည် ဧရာဝတီမြစ်ကမ်းဘေးရှိသည့် မြို့ဖြစ်သည့်အလျောက် စစ်ကောင်စီတပ်သည်  ရေကြောင်းဖြင့် စားနပ်ရိက္ခာများ၊ စစ်အင်အားများ တင်ဆောင်ရန်  အဓိက အသုံးပြုနေသည့်လမ်းကြောင်းတစ်ခုဖြစ်သည်။

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...