ကလောမြို့ အမျိုးသမီးတစ်ဦးနှင့် အောင်ပန်းမှ လူငယ်များကို စစ်ကောင်စီ ဖမ်းဆီး

ကလောမြို့ အမျိုးသမီးတစ်ဦးနှင့် အောင်ပန်းမှ လူငယ်များကို စစ်ကောင်စီ ဖမ်းဆီး

သျှမ်းပြည်တောင်ပိုင်းရှိ ကလောမြို့မှ အမျိုးသမီးတစ်ဦးနှင့် အောင်ပန်းမြို့ လူငယ် ၄ ဦးထက်မနည်း စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။

အောက်တိုဘာလ ၁ ရက်နေ့ ည ၇ နာရီဝန်းကျင်အချိန် အောင်ပန်းမြို့ရှိ အောင်မြင်သူ လက်ဖက်ရည် ဆိုင်အနီးရှိ အုတ်ခုံတွင် ထိုင်နေသည့် လူငယ်များကို စစ်ကောင်စီမှ သေနတ်ဖြင့် ချိန်ရွယ်ပြီး လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“လူငယ်တွေက ဒီတိုင်းထိုင်ပြီး စကားပြောနေကြတာ၊ အဲ့ချိန်မှာ စစ်သားတွေက ကားနဲ့လာပြီး ထိုင်နေတဲ့လူငယ် တွေကို သေနတ်ချိန်ပြီး လိုက်ဖမ်းတာ၊ တချို့ကလည်း ထွက်ပြေးနိုင်ခဲ့တယ်၊ အစက နှစ်ယောက်နဲ့ ပြေးတဲ့သူတွေ နောက်ကလိုက်ဖမ်းရင်း နောက်နှစ်ယောက် ထပ်ဖမ်းမိတယ်” ဟု မျက်မြင်တွေ့သူ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ လူငယ်များသည် အရပ်သားပြည်သူများသာ ဖြစ်ကြပြီး ၎င်းတို့ ဖမ်းဆီးခံရသည့် အချိန်မှာလည်း အပြင် ထွက်ခွင့်ပိတ်ပင်ထားသည့် အချိန် မဟုတ်သည့်အတွက် မည်သည့်အကြောင်းကြောင့် ဖမ်းဆီးခံရသည်ကို မသိရကြောင်း ဒေသခံတစ်ဦး က ပြောသည်။

“သူတို့က ဥပဒေဘောင်တွင်းက လူငယ်တွေပဲ ဖြစ်တယ်၊ ပြီးတော့ အပြင်မထွက်ရ အချိန်လည်း မဟုတ်ဘူး၊ ၇ နာရီ လောက်ပဲ ရှိသေးတယ်၊ စစ်ကောင်စီတွေက အကြောင်းမဲ့ ဖမ်းသွားတာ၊ ဘယ်ကို ဖမ်းသွားလဲ မသိရဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

ထို့အပြင် အလားတူတစ်နေ့တည်းတွင် ကလောမြို့ရှိ သာယာကုန်း ရပ်ကွက် ၆ တွင် နေထိုင်သူ အမျိုးသမီးတစ်ဦး ကိုလည်း စစ်ကောင်စီတို့မှ အင်အားအများအပြားဖြင့် လာရောက်ဖမ်းဆီးသွားကြောင်း ကလောမြို့ခံ တစ်ဦးက ပြောသည်။

“လာတာက အယောက် ၂၀ ကျော်လောက်ရှိတယ်၊ ကားနဲ့လာကြတာ၊ ၁၀ ယောက်လောက်က အုတ်တံတိုင်း ကျော်ပြီး အိမ်ထဲကို အတင်းဝင်ဖမ်းတယ်၊ အိမ်သားတွေက ဘယ်ကိုခေါ်သွားမှာလဲ မေးတော့ ဖုန်းတွေတောင်းတာ၊ အမျိုးဖုန်းရော မြင်နေတဲ့ အိမ်သားဖုန်းတွေရော ယူသွားတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

ယခုရက်ပိုင်း ကလောနှင့် အောင်ပန်းမြို့နယ်အတွင်းတို့တွင် ရပ်ကွက်နေပြည်သူများနှင့် လူငယ်များစွာတို့ကို အကြောင်းမဲ့ ဖမ်းဆီး ရိုက်နက်ခြင်းများ နေ့စဥ်ရက်ဆက်ရှိလာကြောင်းလည်း သတင်းသိရသည်။

May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...