လားရှိုး လက်နက်ကြီးပေါက်ကွဲသံကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေရ

လားရှိုး လက်နက်ကြီးပေါက်ကွဲသံကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေရ

သျှမ်းမြောက် လားရှိုးမြို့နယ်တွင် အောက်တိုဘာ ၂၄ ရက် ည (၇) နာရီဝန်းကျင်က လက်နက်ကြီးပေါက်ကွဲသံကြောင့် ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်ခဲ့ရကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ညတွင် လားရှိုးမြို့ အထက်မန်အိုင်ကျေးရွာအနီးရှိ ပြောင်းဖူးခင်းအတွင်း လက်နက်ကြီး ကျပေါက်ကွဲခဲ့ပြီး ပေါက်ကွဲသံကျယ်လောင်လွန်းသဖြင့် စိုးရိမ်ထိတ်လန့်ရကြောင်း ဒေသခံများထံမှ သိရသည်။

“မနေ့ကတော့ အသံအရမ်းကျယ်တော့ လန့်သွားတာပေါ့၊ ပြောင်းဖူးခင်းထဲကျတာ၊ ရွာနဲ့ အရမ်းနီးတယ်လေ၊ ကြောက်တာပေါ့၊ လုံခြုံမှု မရှိဘူးလို့ ခံစားရတယ်၊ ရွာထဲလာကျရင်တော့ ပြာပုံဖြစ်သွားတော့မှာ၊ ခုချိန် စစ်ရှောင်ထွက်ပြေးရမှာ အရမ်းကြောက်တယ်၊ ဘယ်သူမှလည်း တာဝန်မယူပေးနိုင်ဘူးလေ” ဟု အထက်မန်အိုင်ကျေးရွာ ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း ဒေသခံများက ဆိုသည်။

အထက်မန်အိုင်ကျေးရွာ မြောက်ဘက်တွင် ခမရ (၅၀၇) တပ်ရှိပြီး ထိုလက်နက်ကြီးများကို စကစတပ်ထဲမှ ပစ်ခတ်သည်ဟု ဒေသခံများ ယူဆနေသော်လည်း မည်သည့်အဖွဲ့က ပစ်ခတ်သည်ကိုတော့ အတိအကျ မသိရသေးပေ။

“ဘယ်အဖွဲ့က ပစ်တာလည်းတော့ အတိအကျ မသိဘူး၊ တစ်ချို့က တပ်ထဲက ပစ်တာလို့ အဲ့နားနေတဲ့သူတွေက ပြောကြတယ်၊ အသံက အရမ်းကျယ်တယ်လေ၊ နှစ်လုံးဆက်တိုက် ပစ်လိုက်တာ၊ ပြည်သူတွေကို တမြင် ထိတ်လန့်အောင် လုပ်နေတာလားတော့ မသိဘူး” ဟု လားရှိုးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

လားရှိုးမြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း လားရှိုး−သိန္နီကြား လမ်းမကြီးအနီး စစ်ကောင်စီနှင့် MNDAA တိုက်ပွဲဖြစ်ပွားခဲ့သေးကြောင်း၊ ယခုလအတွင်း ပေါက်ကွဲသံများ မကြာခဏ ကြားနေရသော်လည်း ယမန်နေ့ည ပေါက်ကွဲမှုသည် ပိုမိုကျယ်လောင်သည့်အတွက် ဒေသခံများက စိုးရိမ်ထိတ်လန့်ခဲ့ရတာြဖစ်ကြောင်း သိရသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...