ဒီဇယ်ဆီစျေးနှုန်း အဆမတန်မြင့်တက်လာမှုကြောင့် ရခိုင်ကငါးဖမ်းလှေ တချို့ရပ်နားရ

ဒီဇယ်ဆီစျေးနှုန်း အဆမတန်မြင့်တက်လာမှုကြောင့် ရခိုင်ကငါးဖမ်းလှေ တချို့ရပ်နားရ

ဒီဇယ်ဆီစျေးနှုန်း အဆမတန်မြင့်တက်လာနေမှုကြောင့် ရခိုင်ပြည်နယ်မှ ငါးဖမ်းစက်လှေတချို့မှာ ရပ်နားလိုက်ရပြီဖြစ်ကြောင်း သတင်းရရှိသည်။

ဒီဇယ်ဆီစျေးနှုန်းမှာ လွန်ခဲ့သည့် စက်တင်ဘာ နောက်ဆုံးအပတ်၌ တစ်ပီပါကို ၄ သိန်းခန့်အထိ မြင့်တက်သွားပြီး စရိတ်မတတ်နိုင်တော့သည့် အခြေအနေသို့ ရောက်ရှိလာသဖြင့် ငါးဖမ်းစက်လှေများကို ရပ်နားထားရကြောင်း ငါးဖမ်းစက်လှေပိုင်ရှင်များက နိရဥ္စရာကို ပြောသည်။

မာန်အောင်မြို့နယ်မှ ငါးဖမ်းစက်လှေပိုင်ရှင်ကဦးသန်းညွှန့်က “ဆီစျေးတက်နေလို့ စက်လှေတွေက ရပ်ထားကြပြီ။ ဘယ်လို ဆက်ထွက်ရမှန်းမသိတော့ဘူး။ ဆီစျေးက နေ့တိုင်းတက်နေတယ်လေ” ဟု ပြောသည်။

ကမ်းဝေးစက်လှေများအနေဖြင့် တစ်နေ့လျှင် ဆီဂါလံ ၁၂ဝ ခန့်လိုအပ်ကြောင်း၊ ရေခဲစရိတ်၊ အလုပ်သမားစရိတ်များပါတွက်ချက်ပါက ရလာသည့်ငါးဖြင့် အရင်းကျေနိုင်ရန် မနည်း ကြိုးစားနေရကြောင်း ငါးဖမ်းစက်လှေပိုင်ရှင်များက ဆိုသည်။

၄င်းအပြင် ပေါက်တောမြို့နယ်ဆင်တက်မော်ကျေးရွာမှ ဦးကျော်ဌေးကလည်းလွန်ခဲ့သည့် စက်တင်ဘာ ၂၉ ရက်နေ့က ပင်လယ်ပြင်သို့ ငါးဖမ်းထွက်သွားသည့် ၄င်းစက်လှေ ပြန်ဝင်လာပါက ဆီစျေးတက်နေသဖြင့် ရပ်ထားရန်စီစဉ်ထားကြောင်း ပြောသည်။

ရခိုင်ပြည်နယ်၊ သံတွဲအခြေစိုက် ကမ်းဝေးလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးလည်းဖြစ် ကမ်းဝေးစက်လှေသုံးစီးပိုင်ရှင်လည်းဖြစ်သူ ဦးအောင်မျိုးက “အစ်ကို့ စက်လှေသုံးစီးလုံးကို ရပ်ထားရပါပြီ။ ဆီကလည်းစျေးတက်၊ ကူးသန်းရောင်းဝယ်ရေးကလည်းစျေးမကောင်း။ လက်ရှိ အစ်ကိုတို့အဖွဲ့ထဲမှာ လှေ အစီး လေးဆယ်မှာ ၁၁ စီးပဲထွက်နိုင်တယ်။ ထွက်နေတဲ့လှေတွေက တစ်ဂါလံကို ငါးထောင်ဝန်းကျင်က ထည့်ထားတဲ့ဆီကဗိုက်ထဲမှာရှိနေတဲ့အတွက် ထွက်နိုင်တယ်။ အခုအဲဒီလှေတွေပြန်ဝင်လာရင် မထွက်နိုင်တော့ဘူး” ဟုပြောသည်။

 လက်ရှိဒီဇယ်ဆီ တစ်ပီပါလျှင် ဂါလံ (၅ဝ) ရှိပါရှိပြီး တစ်ဂါလံစျေးနှုန်း ပျဉ်းမျှ ၈ဝဝဝ ကျပ်ခန့် ရှိလာနေသဖြင့် ငါးဖမ်းထွက်သွားရာမှ ပြန်ဝင်လာသည့် ငါးဖမ်းလှေများကို ဆီစျေးနှုန်း ပြန်မကျပါက ရပ်နားရတော့ အခြေအနေရှိနေပြီဖြစ်ကြောင်းသူကဆက်ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်ဦးအား ဆက်သွယ်ရာ ၄င်းမှာ အစည်းအဝေးပြုလုပ်နေသဖြင့် ဖြေဆိုရန်မရသေးကြောင်း ပြောဆိုသည်။

May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...