နေ့စဉ်ဆန္ဒပြနေခဲ့သည့် လောင်းလုံသပိတ် ပစ်ခတ်ဖြိုခွင်းခံရ

နေ့စဉ်ဆန္ဒပြနေခဲ့သည့် လောင်းလုံသပိတ် ပစ်ခတ်ဖြိုခွင်းခံရ

ထားဝယ်ခရိုင် လောင်းလုံမြို့နယ် အင်းဇောက်ကျေးရွာတွင် သပိတ်စစ်ကြောင်း စတင်ထွက်ခွာရန် ပြင်ဆင်နေစဉ် အရပ်ဝတ်ဝတ်ဆင်ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ပစ်ခတ်ဖြိုခွင်းခဲ့သည်ဟု သပိတ်တွင် ပါဝင်သူများက ပြောသည်။

ပစ်ခတ်ဖြိုခွင်းခံရသည့် သပိတ်စစ်ကြောင်းကို ထားဝယ်ခရိုင် သပိတ်ကျင်းပရေးကော်မတီက ဦးဆောင်၍ နေ့စဉ်မပျက် လောင်းလုံးမြို့နယ် အတွင်းရှိ လူငယ်များပါဝင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆောင်ရွက်နေသည့် စစ်ကြောင်းတစ်ခုဖြစ်သည်။

သပိတ်စစ်ကြောင်း စထွက်ချိန် အရပ်ဝတ်များ ဝတ်ဆင်ထားသည့် စစ်ကောင်စီတပ်သား ၅ ဦးခန့်သည် အိမ်စီးကားတစ်စီးဖြင့် လာရောက်ပစ်ခတ်ဖြိုခွင်းခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

“သေနတ်နဲ့လာပစ်တော့ အားလုံး ရုန်းရင်းဆန်ခတ်ဖြစ်ကုန်တာပေါ့။ လဲသူလဲပေါ့။ အချင်းချင်း မထူပြီး ပြေးကြရတာ။ အဖမ်းခံရသူမရှိပေမယ့်  ဆိုင်ကယ်အစီး နှစ်ဆယ်လောက် ယူသွားတယ်လို့ သိရတယ်“ ဟု အဆိုပါ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးက ပြောသည်။

စက်တင်ဘာ ၁၉ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့်တွင် သပိတ်စစ်ကြောင်း စတင်ထွက်ခွာရန် စီစဉ်ထားသည့် အင်းဇောက်ကျေးရွာ၊ ပြည်လုံးချမ်းသာ ဘုရားမုဒ်ဦးအနီးတွင် ဖြိုခွင်းခဲ့ခြင်းဖြစ်သည်။

ထားဝယ်ခရိုင်အတွင်း မြို့နယ်တိုင်းနီးပါး စစ်အာဏာရှင်ဆန့်ကျင်သည့် ဆန္ဒပြမှုများ နေ့စဉ် ပြုလုပ်လျှက်ရှိနေပြီး စစ်ကောင်စီတပ်ဖွဲ့များကလည်း ဖြိုခွင်းနိုင်ရေး အကြိမ်ကြိမ် ကြိုးပမ်းနေသည်ဟု သပိတ်စစ်ကြောင်းတွင် ပါဝင်သူများ၏ ပြောပြချက်အရ သိရသည်။

လောင်းလုံးမြို့နယ်အတွင်းရှိ အောက်ရေဖြူ၊ ကဒက်ငယ်ထိန်ကျေးရွာများတွင် စစ်ကောင်စီက တပ်စွဲထားပြီး အစစ်အဆေးများ ပိုမိုတင်းကြပ်စွာ ဆောင်ရွက်လျှက်ရှိသည်။

 
 

 

 

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...