ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသည့် ကရင်နီစစ်ဘေးရှောင်များအတွက် ဆေးဝါးနှင့် အခြားလိုအပ်သည့် အကူအညီများကို နိုင်ငံတကာက အကူအညီပေးရေး အဖွဲ့အစည်းများမှ နယ်စပ်ဖြတ်ကျော် အကူအညီများပေးရန် ကရင်နီ လူမှုအသင်းအဖွဲ့များကွန်ရက် (KCSN) က တောင်းဆိုလိုက်သည်။
ကရင်နီ လူမှု အသင်းအဖွဲ့များကွန်ရက် (KCSN) ပြောရေးဆိုခွင့်ရှိသူ ခူးကိုရယ်က “ကျနော်တို့ စစ်ကောင်စီကို သူတို့ဖက်ကနေလာတဲ့ ဆေးဝါးတွေ ကျနော်တို့ မျှော်ကိုးလို့မရဘူးဆိုတာ ကျနော်တို့သိတယ်။ ဆိုတော့ တဖက်လှည့်နဲ့ ကျနော်တို့ ပြန်ကြည့်မယ်ဆိုရင် အဲဒီနိုင်ငံတကာကပဲ IDPs တွေအတွက် သူတို့ ကူညီမှရတော့မယ်။” ဟု ပြောသည်။
“ကျနော်တို့ ဆေးဝါးတွေလိုမယ် ဆေးဝါးတွေဆိုရင်တောင်မှ အခြေအနေတစ်ခုအတွက် ကျနော်တို့ လျင်လျင်မြန်မြန်နဲ့ ဖြစ်နေတဲ့လူတွေ Positive ဖြစ်နေတဲ့လူတွေကို ကျနော်တို့ ကူညီနိုင်ရင်ပိုကောင်းတယ်ပေါ့။ ဒါက ပြည်တွင်းကနေမဟုတ်ပဲနဲ့ နိုင်ငံတကာ ကူညီတဲ့လူတွေက ဒီ Cross Boarder ဖက်ကိုလည်း သူတို့ ကြည့်ဖို့သင့်တယ်ပေါ့” ဟု ပြောသည်။
တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ကရင်နီ စစ်ဘေးရှောင်များအတွက် စားဝတ်နေရေးနှင့် အဖက်ဖက်မှ ခက်ခဲမှုများစွာရှိနေသည့်အပြင် စစ်ဘေးရှောင်များ နေထိုင်ကြသည့် နေရာများအထိ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ ရှိလာသည့်အတွက် စိန်ခေါ်မှုနှင့် အကူအညီများစွာ လိုအပ်နေသည်ဟု ခူးကိုရယ်က ဆက်ပြောသည်။
“သူတို့ရပ်ရွာကနေ ထွက်ပြေးပြီးမှ သူတို့ အစုလိုက် အပြုံလိုက်သွားနေကြတဲ့နေရာတွေ တချို့ရှိတယ်။ ဒါက ကိုဗစ်ကူးစက်တာ သူတို့ဖက်မှာ သူတို့ ဘယ်လိုမျိုး အခြေအနေရှိသလဲ ဆိုတာ သူတို့ တော်တော်လေး ဒုက္ခကြုံ နေရတယ်လို့ ပြောလို့ရပါတယ်။ သိတဲ့အတိုင်းပဲ IDPs စခန်းလို့ပြောတာကျတော့ ဆေးဝါးက ကျနော်တို့ ရပ်ရွာတို့ မြို့မှာလိုမျိုး ဆေးဝါးက လုံလုံလောက်လောက်မရှိဘူး။ နောက်ပြီးမှ ကုပေးတဲ့ ဆေးမှူး ဆရာမ ဒေါက်တာ တွေလည်း လုံလုံလောက်လောက် မရှိတဲ့အခါကျတော့ IDPs စခန်းတွေမှာ ဖြစ်တဲ့ဟာကျတော့ တော်တော်လေး စိုးရိမ်ရတဲ့ အခြေအနေမှာရှိတယ်။”
ပြီးခဲ့သည့် ဩဂုတ်လအတွင်းက ကယား (ကရင်နီ) ပြည်နယ် လွိုင်ကော်မြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်းများတွင် ကိုဗစ်-၁၉ ကူးစက်ခံထားရသူများ ရှိခဲ့သကဲ့သို့ လက်ရှိ ဒီးမော့ဆိုမြို့နယ် ထီးဖိုးကလိုးကျေးရွာအုပ်စုရှိ စစ်ဘေးရှောင်စခန်းများတွင်လည်း ရောဂါကူးစက်ခံထားရသူများ ရှိနေသည်ဟု KCSN က ပြောသည်။
ခူးကိုရယ်က “ထီးဖိုးကလိုးဖက်မှာကျတော့ လောလောဆယ် အတည်ပြုလို့ရသေးတာက ၄၅ ယောက်ပဲပေါ့။ တချို့ နည်းနည်းပါးပါး တအား စိုးရိမ်ရတဲ့လူတွေကျတော့ သူတို့ မြို့အထိ သူတို့ ခေါ်သွားနိုင်တာတော့ရှိတယ်။ ဒါပေမယ့် သက်သာလား မသက်လားဆိုတာကတော့ ပြောလို့မရသေးဘူးပေါ့။ အရင်က လွိုင်ကော် လွိုင်လင် လေးဖက်မှာရှိတယ်။ အခုတလော နည်းနည်းလေး ပြန်ငြိမ်သွားပြီပေါ့နော။ နောက်တစ်ခုကျတော့ အသစ်ပြန်ဖြစ်တာကျတော့ ခုနကျနော်ပြောတဲ့ ထီးဖိုးကလိုးဖက်မှာပေါ့။ ဒီးမော့ဆိုဖက်မှာပေါ့” ဟု ပြောသည်။
စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ကိုဗစ်ရောဂါ ကူးစက်မှု အခြေအနေများကို နေ့စဉ် ထုတ်ပြန်ပေးနေသကဲ့သို့ စက်တင်ဘာလ ၁၆ ရက် (ယနေ့) တွင် ကယား (ကရင်နီ) ပြည်နယ်အခြေအနေနှင့်ပတ်သက်၍ ထုတ်ပြန်ရာတွင် ဖားဆောင်းတွင် ၂၉ ယောက်၊ မယ်စဲ့တွင် ၂၆ ယောက်၊ လွိုင်ကော်တွင် ၁၈ ယောက်၊ ဒီးမော့ဆိုတွင် ၄ ယောက် စုစုပေါင်း ဓာတ်ခွဲအတည်ပြု လူနာဦးရေ ၇၇ ယောက်နှင့် သေဆုံးသူ ၂ ယောက် ရှိသည်ဟု ဖော်ပြထားသည်။
စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ရောဂါဖြစ်ပွားမှု ကိန်းဂဏာန်းများသည် စစ်ဘေးရှောင် IDPs စခန်းများတွင် ဖြစ်ပွားနေသည့် လူဦးရေအား ထည့်တွက်ထာခြင်း မရှိသည့်အတွက် မြေပြင်တွင် ဖြစ်ပွားနေသည့် အရေအတွက်များသည် ထိုထက်မကများစွာ ပိုများနေနိုင်သည်ဟု KCSN က ဆိုသည်။
ကရင်နီ စစ်ဘေးရှောင်များအတွက် နေထိုင်စားသောက်ရေးနှင့် ဆေးဝါးများအပြင် အဖက်ဖက်မှ အကူအညီများ လိုအပ်လျက်ရှိနေသည့် အခြားတစ်ဖက်တွင် စစ်ရှောင်စခန်းများအထိ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားလာသည့်အတွက် ပို၍ ခက်ခဲလာသည်ဟု စစ်ဘေးရှောင်များကို အကူအညီပေးနေသူများက ပြောသည်။
ထိုလိုအပ်နေသည့် အကူအညီများကို ပြည်တွင်းရှိ အကူအညီပေးနေသည့် အဖွဲ့အစည်းများက နည်းမျိုးစုံဖြင့် ကူညီပံ့ပိုးပေးနေသော်လည်း စစ်ကောင်စီ တပ်ဖွဲ့များ၏ ဟန့်တားနှောက်ယှက်မှုအမျိုးမျိုးကို ခံနေရသည့်အတွက် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များအနေဖြင့် နယ်စပ်ဖြတ်ကျော် အကူအညီများကိုပေးရန် လိုအပ်သည်ဟု KCSN က ပြောသည်။







