ပြည်ပနိုင်ငံများရှိ ပြည်သူပိုင်သံရုံးမြေနှင့် အဆောက်အဦးများကို ဝယ်ယူခြင်းမပြုကြရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG က စက်တင်ဘာ ၁၄ ရက်က ထုတ်ပြန်သတိပေးလိုက်သည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံက ပိုင်ဆိုင်သည်ဟု အမည်ပေါက်ထားသော ပြည်တွင်း၊ ပြည်ပရှိ နိုင်ငံပိုင်မြေ၊ အဆောက်အဦးနှင့် ပိုင်ဆိုင်မှုအရပ်ရပ်တို့၏ မူရင်းပိုင်ရှင်မှာ နိုင်ငံသားပြည်သူများဖြစ်သဖြင့် စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများအနေဖြင့် အဆိုပါမြေ၊ အဆောက်အဦးများနှင့် အခြားပိုင်ဆိုင်မှုများကို ရောင်းချပိုင်ခွင့်မရှိကြောင်း NUG ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းဖော်ပြထားသည်။
ယခုကဲ့သို့ သတိပေးတားမြစ်ထားသည့်ကြားက အရောင်းအဝယ်ပြုလုပ်ခဲ့ပါက ရောင်းသူနှင့် ဝယ်သူနှစ်ဦးလုံးကို သင့်တင့်လျောက်ပတ်သည့် အချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်မည်ဟုလည်း NUG ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်း ဖော်ပြထားသည်။
NLD အစိုးရလက်ထက်က လုပ်ပိုင်ခွင့်မကျသေး (မချပေး) သည့် ပလပ်မြေကွက်များကိုလည်း ယခုတွင် ကုမ္ပဏီပိုင်မြေဟုဆိုကာ အုတ်တံတိုင်း အခိုင်အမာဖြင့် ခြံစည်းရိုးခတ်ခြင်းများ ပြုလုပ်နေပြီး မြေရောင်းကာ ငွေရှာနေကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ် ၅၈ ရပ်ကွက်အတွင်း နေထိုင်သည့် အမျိုးသားတစ်ဦးက ပြောသည်။
“အရင်က မြေလာတိုင်းတာတွေတော့ရှိတယ်။ ဒါပေမယ့် ဘာမှလာမလုပ်ဘူး။ အခု နိုင်ငံမတည်မငြိမ်ဖြစ်တော့မှ အားချင်း ခြံစည်းရိုးလာ ခတ်ကြတာ။ အောက်မှာလည်း ဂက်စ်ပိုက်လိုင်းတွေရှိတယ်။ ငွေတော်တော်လိုနေပုံရတယ်” ဟု ဒဂုံဆိပ်ကမ်းမြို့နယ် ၅၈ ရပ်ကွက်အတွင်း နေထိုင်သူအမျိုးသားက ပြောသည်။
ဩဂုတ် ၂၄ ရက်က နေပြည်တော်တွင် ကျင်းပသည့် နိုင်ငံတော် ဘတ်ဂျက် (သို့) ရသုံးခန့်မှန်းခြေ ငွေစာရင်း အစည်းအဝေးတွင် အခွန်အကောက်ရငွေနှင့် တခြားသာမန်ရငွေ အပါအဝင် နိုင်ငံတော်ဝင်ငွေအချို့ လျော့နည်းကျဆင်းနေကြောင်း အာဏာသိမ်းစစ်ကောင်စီ ဒုတိယ ခေါင်းဆောင် ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဝန်ခံပြောကြားထားသည်။
ပြည်ထောင်စုဝန်ကြီးဌာနများသည် အသုံးစရိတ်များကို အတတ်နိုင်ဆုံး စိစစ်သုံးစွဲသွားကြရန် ယခုအချိန်သည် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးကို ဆောင်ရွက်နေရပြီး စီးပွားရေးထိခိုက်မှု အနည်းနှင့်အများရှိကြောင်း စစ်ကောင်စီ၏ ဘဏ္ဍာရေးကော်မရှင် ဒု-ဥက္ကဋ္ဌလည်းဖြစ်သူ ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အသိပေးထားခဲ့သည်။

နိုင်ငံတော်၏ အခွန်အကောက်ရငွေနှင့် အခြား သာမန်ရငွေများအပါအဝင် နိုင်ငံတော်ဝင်ငွေအချို့ လျော့နည်းကျဆင်းနေရာတွင် လာမည့် ၆ လ တွင်လည်း ရငွေများ ဆက်လက်လျော့နည်းနိုင်ကြောင်း ပြည်ထောင်စုဝန်ကြီးဌာနများ၏ အသုံးစရိတ်ကို အတတ်နိုင်ဆုံး စိစစ်သုံးစွဲသွားကြရန် ဒုတိယစစ်ခေါင်းဆောင်က သတိပေးပြောကြားထားသည်။







