ရန်ကုန် လှိုင်မြို့နယ်တွင် ဧည့်စာရင်းမတိုင်ထားသဖြင့် ဖမ်းဆီးခံခဲ့ရသူ အယောက် ၃၀ ကျော်ကို စက်တင်ဘာ ၁၃ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခံဝန်ဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း ရပ်ကွက်အတွင်း နေထိုင်သူများက ပြောသည်။
လှိုင်မြို့နယ်၊ ၅ ရပ်ကွက်အတွင်း စက်တင်ဘာ ၁၂ ရက်၊ ည ၁၁ နာ ရီကျော်က စစ်ကောင်စီက ဧည့်စာရင်းဝင်ရောက်စစ်ဆေးခဲ့ပြီး ဧည့်စာရင်း မတိုင်ထားသူ အမျိူးသမီးများ အပါအဝင် အိမ်ထောင်ဦးစီးဆိုသူ ၃၈ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။
“လှေခါးတံခါးသော့ဖျက်ဖို့ သံချောင်းဖြတ်တဲ့ဟာတွေပါ တစ်ခါတည်းပါတယ်။ ရဲတွေကတော့ ဒါ စစ်တပ်က တိုက်ရိုက်လုပ်တာ သူတို့မလုပ်ရဘူးလို့ ပြောတယ်။ ခံဝန်ထိုးတာ ဘာညာလည်း တပ်ကပဲလုပ်တာ” ဟု ၅ ရပ်ကွက်တွင်နေထိုင်သူ အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
ယခင်က ဧည့်စာရင်းစစ်မည်ဆိုပါက ရပ်ကွက်အတွင်း တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများကို အကြောင်းကြားပြီး ဝင်ရောက်စစ်ဆေးကြောင်း ယခုအကြိမ်သည် မည်သူ့ကိုမှ အကြောင်းမကြားဘဲ စစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု ဆိုကြသည်။
ဧည့်စာရင်းမတိုင်မိသူများကို ဖမ်းဆီးထိန်းသိမ်းထားစဉ်အတွင်း ရိုက်နှက်ခြင်းမျိုးမရှိဘဲ နောင်တွင် ဧည့်စာရင်းတိုင်ကြားပါမည်ဟု ခံဝန်ထိုးခိုင်းကာ ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်ဟု လှိုင်မြို့နယ်၊ ၅ ရပ်ကွက်တွင်နေထိုင်သူ အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
လှိုင် ၅ ရပ်ကွက်သည် အပိုင်း ၁၊ ၂ ရှိပြီး နှစ်ပိုင်းစလုံးကို ဝင်ရောက်စစ်ဆေးခဲ့ကြောင်း ရပ်ကွက်တွင်နေထိုင်သူများက ပြောသည်။
ရပ်ကွက်နေ ပြည်သူများသည် သီရိမင်္ဂလာဈေးတွင် ဈေးရောင်းချသူများပါပြီး ၎င်းတို့အများစုသည် သန်းခေါင်စာရင်းမရှိကြဘူးဟု ရပ်ကွက်နေပြည်သူအချို့၏ ပြောပြချက်အရ သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း လှိုင်မြို့နယ်၊ ၁၃ ရပ်ကွက်အတွင်း စစ်ကောင်စီက ဧည့်စာရင်းဝင်စစ်ခဲ့ကာ ဧည့်စာ ရင်း မတိုင်ထားသူ အယောက် ၁၀၀ ဝန်းကျင်ခန့်ကို ဖမ်းဆီးသွားခဲ့ပြီး၊ တစ်ယောက်လျှင် ဒဏ်ငွေ ငါးသောင်းစီရိုက်ပြီး နောက်တစ်ရက်တွင် ပြန်လွှတ်ပေးခဲ့သည်။
အထူးသဖြင့် လှိုင်မြို့နယ်သည် စစ်အာဏာရှင်စနစ်ကို ပြင်းပြင်းထန်ထန် ခုခံဆန့်ကျင်သည့် မြို့နယ်တစ်ခုအဖြစ် အသိများပြီး ဒလန်သုတ်သင်ခြင်း၊ ဗုံးခွဲတိုက်ခိုက်ခြင်းများကြောင့် လှိုင် ၁ ရပ်ကွက်၊ ၇ ရပ်ကွက်၊ ၁၃ ရပ်ကွက်၊ ၁၆ ရပ်ကွက်များသည် စစ်ကောင်စီ၏ အငြိုးထားစောင့်ကြည့်ခြင်းကို ခံနေရသည့် နေရာလည်းဖြစ်သည်။







