ပုသိမ်ထောင်တွင် ထောင်လန့်

ပုသိမ်ထောင်တွင် ထောင်လန့်

ပုသိမ်အကျဉ်းထောင်၏ ထောင်လှန့်လေ့ကျင့်မှုအား ထောင်ဆူမှုဟုထင်ကာ ပြည်သူအချို့ ထိတ်လန့်ခဲ့ကြောင်း မြို့ခံများက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၊ အမှတ် ၄ ရပ်ကွက်ရှိ ပုသိမ်ထောင်တွင် စက်တင်ဘာလ ၁၂ ရက်နေ့၊ နံနက် ၅ နာရီဝန်းကျင်အချိန်က ဒို့အရေး၊ ဒို့အရေး အော်သံများ ထွက်ပေါ်လာပြီးနောက် ဥသြဆွဲသံများ ထပ်မံကြားရသည့်အတွက် ထိတ်လန့်စိုးရိမ်ခဲ့ကြောင်း ထောင်အနီးက ရပ်ကွက်များတွင် နေထိုင်သူများက ပြောသည်။

"ရုတ်တရက် ဒို့အရေး အော်သံကြားတယ်။ ဥသြစွဲသံတွေက နာရီဝက်လောက်ကြာတယ်။ ထောင်ထဲက နိုင်ငံရေးသမားတွေနဲ့ ထောင်သားတွေ ဆန္ဒပြတယ် ထောင်မီးလောင်တယ်ထင်မိတာ။ စစ်တပ်က ပစ်သတ်ကြမှာကိုလည်း စိုးရိမ်မိတာ" ဟု ပုသိမ်မြို့ခံ ဦးဆန်းဝင်းက ပြောသည်။

ပုသိမ် အကျဉ်းဦးစီးဌာန တာဝန်ရှိသူကမူ ထောင်ဆူခြင်းမဟုတ်ပဲ ထောင်လှန့်သည့် လေ့ကျင့်ခန်းပြုလုပ်ခြင်းသာဖြစ်သည်ဟု ပြောသည်။

အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် ထောင်လှန့်သည့် လေ့ကျင့်ခန်းနှင့် အကျဉ်းထောင်အတွင်း ရှာဖွေစစ်ဆေးရေး လေ့ကျင့်ခန်းများ လုပ်ကြောင်း ကိုဗစ်-၁၉ ကာလအတွင်း၌ ရပ်နားထားပြီး ယခုမှ ပြန်လည်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

"ဖြစ်တဲ့အချိန်ကာလရယ် သိပ်မကြာတာရယ် နောက်ထပ် ထောင်ထဲက ဘာသံမှ ဆက်မကြားတော့တာရယ် တစ်နေ့လုံး စစ်ကောင်စီဘက်က ဘာလှုပ်ရှားမှုမှ မရှိတာရယ်ကြောင့် ထောင်လှန့်တာဖြစ်မယ်" ဟု ထောင်တွင်း အတွေ့အကြုံရှိသည့် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောသည်။

ပုသိမ်အကျဉ်းထောင်တွင် ၁၉၈၈ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့က ထောင်တွင်းဆန္ဒပြသဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အဆောင်အချို့ မီးလောင်ခဲ့သည်။

ထို့အပြင် ၂၀၁၉ ခုနှစ် မေလကလည်း လွတ်ငြိမ်ချမ်းသာခွင့်နှင့်ပတ်သက်၍ ထောင်အာဏာပိုင်များအား မျှတမှုမရှိဟုဆိုကာ ဆူပူဆန္ဒပြမှု ဖြစ်ပွားခဲ့သည်။

ပုသိမ်အကျဉ်းထောင်သည် မြို့အလယ်ရပ်ကွက်ဖြစ်သည့် အမှတ် ၄ ရပ်ကွက်၊ ပြည်တော်သာအိမ်ယာ၊ မရမ်းချိုလမ်းနှင့် ဘူတာလမ်းတို့ အကြားတွင် တည်ရှိသည်။

 
 

 

 

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...