မကွေး Mytel တာဝါတိုင် ဗုံးခွဲခံရ

မကွေး Mytel တာဝါတိုင် ဗုံးခွဲခံရ

မကွေးမြို့ရှိ Mytel တာဝါတိုင်တစ်တိုင် စက်တင်ဘာလ ၁၂ ရက်နေ့ (ယနေ့) နံနက် ၅ နာရီအချိန်ခန့်တွင် ဗုံးခွဲခံလိုက်ရသည်။

ရန်မျိုးနိုင်ရပ်ကွက်၊ ကန်သာကန်၏ အရှေ့တောင်ဘက် ဝေယံဘုံမြင့်ဘုန်းကြီးကျောင်းအတွင်း ရှိ Mytel တာဝါတိုင် စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် ၅ နာရီ အချိန်က ဗုံးပေါက်ကွဲကာ ပျက်စီးသွားခြင်းဖြစ်သည်ဟု ဒေသခံများက အတည်ပြုပြောသည်။

"အုန်းဆိုပြီး အသံကြီးက အကျယ်ကြီးပဲ ကြားရတယ်၊၊ မြေကြီးတွေပါတုန်တယ်၊၊ ဗုံးပေါက်တာက ကန်သာကန်နားက သေသေချာချာကြားရတယ်။ ဗုံးပေါက်ပြီးတော့လည်း သေနတ်နှစ်ချက် ပစ်သံကြားတယ်။ သွားမကြည့်ရဲပါဘူး" ဟု လူလတ်ပိုင်းအရွယ် ဒေသခံတစ်ဦးက ပြောသည်။

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၊ သမုန်းကုန်းကြီးကျေးရွာအုပ်စု၊ မုန်းကုန်းကြီးကျေးရွာအနီးရှိ Mytel တာဝါတိုင်နှင့် လဲဘူးကျေးရွာအုပ်စု၊ သပွတ်ပင်ကျေးရွာအရှေ့ဘက်ရှိ Mytel တာဝါတိုင်များလည်း စက်တင်ဘာလ ၁၁ ရက်နေ့ ည ၉ နာရီအချိန်တွင် တပြိုင်တည်း ဗုံးခွဲမီးရှို့ဖျက်ဆီးခံရပြီးနာက် ယခု မကွေးမြို့ပေါ်ရှိ တာဝါတိုင်ပါ ဖောက်ခွဲဖျက်ဆီးခံရခြင်းဖြစ်သည်။

ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်မတော် ပြန်ကြားရေးတာဝန်ခံ ဗိုလ်ထန်ထွဋ်က သမုန်းကုန်းကြီး ကျေးရွာအုပ်စု၊ မုန်းကုန်းကြီး ကျေးရွာအနီးရှိ Mytel တာဝါတိုင်နှင့် လဲဘူးကျေးရွာအုပ်စု၊ သပွတ်ပင်ကျေးရွာအရှေ့ဘက်ရှိ Mytel တာဝါတိုင်ကို ၎င်းတို့ ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

စစ်တပ်အာဏာသိမ်းယူခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီလက စတင်၍ စက်တင်ဘာ ၉ ရက်နေ့အထိ မြန်မာနိုင်ငံတဝှမ်း ဗုံးခွဲတိုက်ခိုက်မှုပေါင်း ၂၃၉၀ ကြိမ်နှင့် ဆက်သွယ်ရေးတာဝါတိုင်များအား မီးရှို့ဖောက်ခွဲဖျက်ဆီးမှု စုစုပေါင်း ၆၈ ကြိမ်ခံခဲ့ရကြောင်း စစ်ကောင်စီက ထုတ်ပြန်ကြေညာခဲ့သည်။

ထို့အပြင် လက်နက်ငယ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှု အကြိမ်ရေ ၃၀၄ ကြိမ် ဖြစ်ပွားခဲ့ပြီး ၇၉၉ ယောက်သေဆုံးကာ ၇၂၆ ယောက် ဒဏ်ရာရခဲ့ကြောင်းလည်း စက်တင်ဘာ ၁၂ ရက်နေ့ထုတ် စစ်ကောင်စီ၏ သတင်းစာတွင် ဖော်ပြပါရှိသည်။

 
 

 

 

May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...
May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...