ဂန့်ဂေါမြို့နယ်တွင် အရပ်သားနေအိမ်များအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

ဂန့်ဂေါမြို့နယ်တွင် အရပ်သားနေအိမ်များအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် နှမ်းခါးကျေးရွာက စစ်ကောင်စီတပ်များက (စက်တင်ဘာလ ၉ ရက်နေ့) တွင် ၆ ကြိမ်မြောက် ရွာအတွင်း ဝင်ရောက်ခဲ့ပြီး အိမ်ခြေ ၄၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

နှမ်းခါးကျေးရွာအပါအဝင် အနီးနားဝန်းကျင်ရှိ ကျေးရွာများက ပြည်သူများသည် အကြမ်းဖက်စစ်ကောင်စီ၏ ပစ်ခတ်ဖမ်းဆီးမှုများက ကင်းသည့် ဘေးလွတ်ရာနေရာများကို ထွက်ပြေးတိမ်းရှောင်နေကြပြီး ယခုအကြိမ်နှင့်ဆိုပါက နှမ်းခါးကျေးရွာအား ဝင်ရောက်ဖျက်ဆီးမှု ၆ ကြိမ်ရှိပြီးဖြစ်သည်ဟု ဒေသခံများက ပြောသည်။

 

"တနေ့လုံးတိုက်ကြတာ အခုလေးတင်နားသွားကြတယ်။ ကျမတို့ရွာတွေမှာ လူတွေ ရွာထဲသိပ်မရှိကြတော့ဘူး။ တောတွေမှာဘဲ ပုန်းနေကုန်ကြရပြီ။ စစ်ကောင်စီတပ်တွေက ဆဲဆိုကြိမ်းမောင်းပြီး အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးပြီး သတ်ဖြတ်တဲ့ အလုပ်လုပ်နေကြတာပါ။ အိမ်တွေကို မီးရှို့ကြတာက ဆိုးတယ်" ဟု အသက် ၃၀ ခန့်ရှိ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

နှမ်းခါးကျေးရွာတွင် အိမ်ခြေ ၁၀၀၀ ကျော် လူဦးရေ ၄၃၀၀ ကျော်ခန့်ရှိပြီး မကွေးတိုင်း၊ ဂန့်ဂေါ-ကလေးသွား လမ်းမကြီးဘေးတွင်ရှိသည့် ကျေးရွာတစ်ရွာဖြစ်သည်။

မတ်လ ၃၀ ရက်နေ့တွင် တစ်ကြိမ်၊ ဧပြီလ ၂ ရက်နေ့တွင် တစ်ကြိမ်၊ ဇွန်လ ၃ ရက်နေ့တွင် တစ်ကြိမ်၊ သြဂုတ်လ ၁၈ ရက်တွင် တစ်ကြိမ်၊ သြဂုတ်လ ၃၀ ရက်တွင် တစ်ကြိမ် စစ်ကောင်စီတပ်များ ရွာအတွင်း ဝင်ရောက်ခဲ့သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

နှမ်းခါးရွာကို စစ်ကောင်စီတပ်များ ဝင်ရောက်သည့် အကြိမ်တိုင်းတွင် ဘီယာအပါအဝင် စားသောက်စရာများ၊ ကြက်ဝက်ကဲ့သို့သော အိမ်တိရိစ္ဆာန်များ၊ ဆိုင်ကယ်အပါအဝင် တန်ဖိုးရှိပစ္စည်းများ ယူဆောင်သွားလေ့ရှိပြီး မယူနိုင်သည့် ပစ္စည်းများကိုလည်း ရိုက်ချိုးဖျက်ဆီးထားခဲ့သည်ဟု ဆိုသည်။

သြဂုတ် ၁၈ ရက်နေ့က စစ်ကောင်စီတပ်များ ဝင်ရောက်လာစဉ် ကျေးရွာအတွင်း ထွက်မပြေးနိုင်ဘဲကျန်ခဲ့သည့် အသက် ၇၂ နှစ်ခန့်ရှိ ဦးကံထောက်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရိုက်နှက်ခဲ့သည့် ဒဏ်ရာများကြောင့် သြဂုတ် ၂၁ ရက်နေ့တွင် သေဆုံးသွားခဲ့သည်။

 
 

 

 

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...