တနင်္သာရီတိုင်း တိုက်ပွဲများကြောင့် ဒေသခံ ၁၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရ

တနင်္သာရီတိုင်း တိုက်ပွဲများကြောင့် ဒေသခံ ၁၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ပုလောမြို့အနီး KNU ထိန်းချုပ်ရာနယ်မြေအတွင်း KNU၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲများကြောင့် ဒေသခံပြည်သူ ၁၀၀၀ ကျော်ခန့် ဘေးလွတ်ရာ ထွက်ပြေးရှောင်တိမ်းနေရသည်ဟု ဒေသခံများက ပြောသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာ အနီးတစ်ဝိုက်ရှိ ကျောင်းနိမ့်၊ ပိန္နဲတောင်၊ ဆားခဲနှင့် ဒူးရင်းပင်ရှောင်ကျေးရွာတို့မှ စစ်ဘေးရှောင်ပြည်သူ အိမ်ခြေ ၃၀၀ ခန့်၊ လူဦးရေ တစ်ထောင်ကျော်ခန့်ရှိနိုင်ကြောင်း Palaw Regional Defence Force-PDRF မှ ပြန်ကြားရေးတာဝန်ခံက သတင်းထုတ်ပြန်ထားသည်။

 

“ရွာကလူတွေ အကုန်လုံးလိုလို ကြောက်လန့်ပြီးပြေးနေရတယ်၊ တိုက်ပွဲမဖြစ်ခင်ထဲက ကြိုပီးရှောင်တိမ်းနေသူတွေလဲရှိတယ်“ ဟု အသက် ၅၀ ခန့်အရွယ် ပိန္နဲတောင်ကျေးရွာသားတစ်ဦးက ပြောသည်။

ပုလောမြို့နှင့် ခြောက်မိုင်ခန့်အကွာ ဆားခဲကျေးရွာနှင့် ပိန္နဲတောင်ကျေးရွာ နယ်စပ်တွင် စက်တင်ဘာ ၇ ရက်နေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

နေရပ်စွန့်ခွာပြီး ရှောင်တိမ်းနေသူထဲတွင် အချို့သည် မိမိသိကျွမ်းရာ မိတ်ဆွေများ၊ ဆွေမျိုးများနှင့် အနီးအနားက တောင်ယာများထဲတွင် ခိုလှုံပုန်းအောင်းနေကြရပြီး အချို့သည် စစ်ဘေးရှောင်စခန်း (IDPs camp) များတွင် တိမ်းရှောင်နေကြရကြောင်း ပိန္နဲတောင်ကျေးရွာက ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့များ ကျေးရွာများထဲသို့ မကြာခဏရောက်ရှိလာကာ ဖမ်းဆီးစစ်ဆေးမှုများရှိနေခြင်းနှင့် စစ်တပ်က KNU ထိန်းချုပ်နယ်မြေအတွင်း ကျူးကျော်ဝင်ရောက်လာမှုများကြောင့် စိုးရိမ်ထိတ်လန့်ပြီး ကြိုတင်တိမ်းရှောင်သူများလည်းရှိသည်ဟု ဒေသခံရွာသားများက ပြောသည်။

စက်တင်ဘာ ၇ ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာသွားသော်လည်း အချိန်မရွေး တိုက်ပွဲပြန်ဖြစ်နိုင်သည့်အတွက် ရွာသားများသည် လက်ရှိအချိန်ထိ ၎င်းတို့၏ ကျေးရွာများသို့ မပြန်ကြသေးဟု ဆိုသည်။

ထို့ကြောင့် စစ်ဘေးရှောင် ရွာသားများအတွက် စားနပ်ရိက္ခာနှင့် ယာယီနေထိုင်နိုင်ရန် အမိုးအကာ တာလပတ်များ အရေးတကြီး လိုအပ်နေသည်ဟု PRDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဒူးရင်းပင်ရှောင်နှင့် ဆားခဲကျေးရွာများသည် လူနေအိမ်ခြေများသည့် ရွာကြီးများဖြစ်ပြီး ကရင်လူမျိုးအများဆုံး နေထိုင်သည့် ကျေးရွာများလည်းဖြစ်သည်။

ပိန္နဲတောင်ကျေးရွာသည် အိမ်ခြေ ၁၀၀ နီးပါးခန့်ရှိကာ ကရင်အမျိုးသားအစည်းအရုံး/ ကရင်လွတ်မြောက်ရေးတပ်မတော် (KNU/KNLA) တပ်မဟာ ၄၊ တပ်ခွဲ ၂၊ တပ်ရင်း ၇ နှင့် ထိစပ်နေသည့် ကျေးရွာဖြစ်သည်။

စက်တင်ဘာလ ၇ ရက်နေ့က စစ်ကောင်စီတပ်နှင့် KNU တပ်မဟာ ၄၊ PDF၊ PRDF ပူးပေါင်းအဖွဲ့တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်က အရာရှိနှစ်ဦးအပါအဝင် ၄ ဦးကျဆုံးကာ ၃၀ ကျော် ဒဏ်ရာရခဲ့ပြီး KNU နှင့် PDF များဘက်က အထိအခိုက် တစ်စုံတစ်ရာ မရှိခဲ့ကြောင်း သိရသည်။

 
 

 

 

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...