ထားဝယ်ခရိုင် လောင်းလုံမြို့နယ် ဝဗျောကျေးရွာတွင်နေထိုင်သည့် NLD ပါတီကို အားပေးဝန်းရံသူတစ်ဦးအား လူနှစ်ဦးမှ နေအိမ်အတွင်း ဝင်ရောက်၍ သေနတ်ဖြင့် ပစ်သတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
စက်တင်ဘာ ၁၀ ရက်နေ့ နံနက်ပိုင်း NLD ပါတီ ထောက်ခံသူ ဦးဂျပန်နေအား ၎င်း၏အိမ်အတွင်း အမျိုးသားနှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် နေရာတွင် သေဆုံးသွားသည်ဟု ဒေသခံရွာသားများက ပြောသည်။
ပစ်ခတ်မှုကြောင့် သေဆုံးသူ ဦးဂျပန်၏ အမျိုးသမီးမှာလည်း ထိခိုက်ဒဏ်ရာများရရှိပြီး ဆေးရုံတင်ထားသည်ဟု သေဆုံးသွားသည်ဟု အသက် ၅၀ ခန့်အရွယ် ဒေသခံ ရွာသားတစ်ဦးက ပြောသည်။
“သေနတ်သံလိုမျိုးတော့ သုံးလေးချက် ကြားလိုက်တယ်။ ဒါပေမယ့် အင်ဂျင်စက်သံထင်ပြီး သွားမကြည့်ဖြစ်ခဲ့ဘူး။ ခဏလေးနဲ့ အသံပျောက်သွားပြီး လူအော်ငြီးသံကြားရလို့ မသင်္ကာဖြစ်ပြီး သွားကြည့်တာ လဲကျနေတာတွေ တွေ့တာပဲ” ဟု မျက်မြင်တွေ့ခဲ့သူ ဒေသခံရွာသားတစ်ဦးက ပြောသည်။
သေနတ်ဖြင့် လာရောက်သတ်သွားသူသည် မည်သူ၊ မည်ဝါဖြစ်သည်ကို အတိအကျမသိရဟု ရွာသားများက ပြောသည်။
သေဆုံးသူ ဦးဂျပန်သည် ရွေးကောက်ပွဲကာလက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအား အထူးအားပေးဝန်းရံသူတစ်ဦးဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဖမ်းဆီးနိုင်ရေး အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း ရှောင်တိမ်းနေခဲ့ခြင်းကြောင့် ဖမ်းမမိခဲ့ပဲ လွတ်မြောက်နေခဲ့သူတစ်ဦး ဖြစ်သည်ဟု ဒေသခံရွာသားများက ပြောသည်။
ထားဝယ်ခရိုင်အတွင်း NLD ပါတီဝင်များနှင့် NLD ဝန်းရံသူများကို စီရင်သွားမည်ဟု ပျူစောထီးအဖွဲ့က ခြိမ်းခြောက်ထားသည့်စာကို ဇွန်လကုန်ပိုင်းတွင် ဒေသအတွင်း ထုတ်ပြန်ဖြန့်ဝေခဲ့သည်များရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။







