ရန်ကုန်တွင် ပေါက်ကွဲမှုများဖြစ်၊ လူအချို့ ပစ်ခတ်ဖမ်းဆီးခံရ

ရန်ကုန်တွင် ပေါက်ကွဲမှုများဖြစ်၊ လူအချို့ ပစ်ခတ်ဖမ်းဆီးခံရ

ရန်ကုန်-သန်လျင် ရထားလမ်းပိုင်းဘေးရှိ ရဲကင်းတစ်ခု စက်တင်ဘာ ၉ ရက် နေ့လည်ပိုင်းက ပစ်ခတ်တိုက်ခိုက်ခံပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လူတစ်ချို့ကို ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“သူတို့အပစ်ခံရပြီး ခဏကြာတော့ စစ်ခွေးတွေရောက်လာပြီး ပစ်ဖမ်းနေတာ။ လူတချို့ထိထားတာတော့တွေ့တယ်” ဟု မျက်မြင်တွေ့ရှိခဲ့သူ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ရထားသံလမ်းဘေးရှိ ရဲကင်း ပစ်ခတ်တိုက်ခိုက်ခံရသဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရရှိခဲ့သည်။

ထို့ကြောင့် တောင်ဒဂုံမြို့နယ်နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းရှိ လမ်းမကြီးအချို့တွင် လမ်းသွားလမ်းလာများနှင့် မော်တော်ယာဉ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ထို့နောက် မွန်းလွဲ ၃ နာရီဝန်းကျင်ခန့်ကလည်း ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း ပေါက်ကွဲမှုနှစ်ကြိမ် ဆက်တိုက် ဖြစ်ပေါ်ခဲ့သည်။

ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း မော်တော်ဆိုင်ကယ် Taxi ကယ်ရီမောင်းနှင်သူ အမျိုးသားတစ်ဦးက “ကျနော်တို့လည်း ပစ်ဖမ်းနေတယ်ကြားလို့ ကယ်ရီမဆွဲတော့ပဲ ပြန်လာတာ။ ပြန်လာပြီးမှ အုန်းခနဲ ၂ ချက်ပေါက်သံ ထပ်ကြားရတယ်။ သိမ်ချောင်းဖက်မှာထင်တယ်” ဟု ပြောသည်။

ထို့အတူ စမ်းချောင်းမြို့နယ်အတွင်း လှည့်ကင်းပတ်နေသည့် စစ်ကောင်စီယာဉ်လည်း ဗုံးပစ်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးသွားခဲ့သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရပ်ကွက်အချို့သို့ ဝင်ရောက်ပစ်ခတ်မှုများ ပြုလုပ်နေကြောင်း စမ်းချောင်းမြို့နယ်အတွင်း နေထိုင်သူများ က ဆိုသည်။

စက်တင်ဘာလ ၇ ရက်က NUG ၏ ပြည်သူ့တော်လှန်ရေးကို လှည်းနေလှေအောင်း မြင်းဇောင်းပါမကျန် ဆင်နွဲကြရန် ကြေငြာခဲ့ပြီးနောက် ရန်ကုန်မြို့က အနှံ့အပြားတွင် ဗုံးကွဲမှုများ၊ သေနတ်သံများ၊ ညဘက်ဖမ်းဆီးမှုများ ယခင်ကထက် ဆက်တိုက်ဖြစ်လာနေသည်ဟု မြို့ခံများက ပြောသည်။

 
 

 

 

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...