အကြမ်းဖက်တိုက်ဖျက်ရေး ပုဒ်မဖြင့် တရားစွဲခံရသူ ရခိုင်လူငယ် ၄ ဦးအမှု ပိတ်သိမ်း

အကြမ်းဖက်တိုက်ဖျက်ရေး ပုဒ်မဖြင့် တရားစွဲခံရသူ ရခိုင်လူငယ် ၄ ဦးအမှု ပိတ်သိမ်း

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) ဖြင့် ၂ နှစ်ကျော်အကြာ ဖမ်းဆီးချုပ်နှောင် တရားစွဲဆိုခံထားရသည့် ရခိုင်လူငယ် ၄ ဦးကို စက်တင်ဘာလ ၉ ရက်နေ့ နေ့လည်ပိုင်းတွင် စစ်တွေ ခရိုင်တရားရုံးမှ ပြန်လွှတ်ပေးလိုက်သည်။

တရားစွဲဆိုထားသည့် အာဏာပိုင်အဖွဲ့အစည်းက ရခိုင်လူငယ် ၄ ဦးကို တရားဝင် အမှုရုတ်သိမ်းလွှာတင်လာသည့်အတွက် ယခုကဲ့သို့ အမှုရုတ်သိမ်းပေးလိုက်ရခြင်းဖြစ်သည်ဟု အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်နိုင်ဝင်းက ပြောသည်။

“အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုက ဥပဒေအကြံပြုချက်နဲ့ တရားစွဲဆိုထားတာကြောင့် တရားရုံးကို ရုတ်သိမ်းလွှာတင်လာပေမယ့် တရားစွဲ အဖွဲ့အစည်းအဆင့်ဆင့်ကို သွားပြီးမှ ရုတ်သိမ်းလွှာအပေါ်မှာ ခွင့်ပြုရတာဖြစ်တဲ့အတွက် တရားရုံးက ရုတ်သိမ်းခွင့်ပြုတဲ့အမိန့်ကို ချမှတ်လိုက်တာဖြစ်တယ်” ဟု တရားလွှတ်တော်ရှေ့ ဦးအောင်နိုင်ဝင်းက ရှင်းပြသည်။

ဖမ်းဆီးခံရသူ ရခိုင်လူငယ် ၄ ဦးက ၂၀၁၉ ခုနှစ် ဇူလိုင်လအတွင်း ပုဏ္ဏားကျွန်းမြို့ ရဲစခန်းအနီးတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်မှုရှိသည်ဟုဆိုကာ စွပ်စွဲချက်ဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၂(က) နှင့် တရားစွဲဆိုခြင်းခံခဲ့ရပြီးနောက် ၂ နှစ်ကျော်အကြာတွင် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။

လွတ်မြောက်လာသူများမှာ ရသေ့တောင်မြို့ အရှေ့မြောက်ရပ်ကွက်က ကိုမောင်ချေ (၃၃) နှစ်၊ ရသေ့တောင်မြို့နယ် အောင်သစ္စာကျေးရွာက ကိုနေလင်းထွန်း (၁၉) နှစ်၊ စစ်တွေမြို့နယ် ဗျိုင်းဖြူရွာကျေးရွာက ကိုဇော်နိုင်ဝင်း (၁၉) နှစ်နှင့် ပေါက်တောမြို့နယ်၊ ရွာချောင်းကြီးကျေးရွာက ကိုမောင်သန်းဌေး (၂၂) နှစ်တို့ဖြစ်သည်။

“ကျမသား ဖမ်းဆီးခံရတော့ လူပင်ပန်းစိတ်ပင်ပန်းနဲ့ ဖြစ်ခဲ့ရတယ်။ အခုလိုပြန်လွှတ်လာတော့ အရမ်းဝမ်းသာတယ်။ အပြစ်မရှိဘဲ ဖမ်းခံထားရတော့ ပြန်လွှတ်စေချင်တာကြာပြီ” ဟု ကိုမောင်ချေ၏ မိခင် ဒေါ်မအောင်သိန်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မဖြင့် တရားစွဲဆိုခံထားရသူ ၂၀၀ ကျော်ရှိသည်ဟု သဇင်ဥပဒေအထောက်အကူပြုအဖွဲ့၏ စာရင်းများအရ သိရသည်။

အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မနှင့် တရားစွဲဆိုခံထားရသူများထဲတွင် အသက် ၁၈ နှစ်အောက် ကလေးသူငယ်မှု ၁၇ မှုကို ပြီးခဲ့သည့် မေလအတွင်းက စစ်ကောင်စီမှ ပြန်လည်ရုတ်သိမ်းပေးခဲ့သည်။

 
 

 

 

May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...
May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...