စက်တင်ဘာ ၉ ရက်နေ့ (ယနေ့) နံနက်ပိုင်းက ကျောက်ထုမှ ပခုက္ကူဘက်သို့သွားသည့် စစ်ကောင်စီကား ၄ စီးကို ပုံတောင်ပုံညာတောင်ကြောတွင် ကျောက်ထု PDF က မိုင်းဆွဲတိုက်ခဲ့ပြီး နှစ်ဖက်ထိတွေ့မှု ဖြစ်ပွားခဲ့သည်ဟု ၎င်းအဖွဲ့က သတင်းထုတ်ပြန်သည်။
"စစ်ကောင်စီဘက်မှ အထိအခိုက်ရှိပေမယ့် တိုက်ပွဲအခြေအနေအရ အကျအဆုံးကို အတည်မပြုနိုင်ခြင်းတော့မရှိဘူး" ဟု ကျောက်ထု PDF က ဆိုထားသည်။
၎င်း ကျောက်ထု PDF ဘက်မှ ရဲဘော်များအားလုံး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြကြောင်းလည်း ပြောသည်။
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်မှထွက်လာသည့် စစ်ကောင်စီယာဉ်တန်းကို ရေစကြိုမြို့နယ် ဆန်းသစ်ရွာ တောင်ဘက်တွင် စက်တင်ဘာလ ၈ ရက်နေ့က PDF တပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
"မိုင်းလဲကွဲပြီးရော ယာဉ်ပေါ်ပါတဲ့သူတွေက ရမ်းသမ်းပစ်တယ်။ မိုင်းကပြင်းတော့ စစ်ကောင်စီဘက်က သေဆုံးမှုရှိနိုင်တယ်" ဟု ဆန်းသစ်ရွာက ဒေသခံတစ်ဦးက ပြောသည်။
စက်တင်ဘာလ ၇ ရက်နေ့၊ ည ၉ နာရီဝန်းကျင်ကလည်း မကွေးတိုင်း ဂန့်ဂေါမြို့တွင် ကင်းလှည့်နေသည့် စစ်ကောင်စီ လက်နက်ကိုင်ယာဉ်တန်းကို YDF က ကြားဖြတ်ပစ်ခတ်ရာတွင် စစ်ကောင်စီလက်နက်ကိုင် ၉ ဦးခန့်သေဆုံးပြီး ဒဏ်ရာရရှိသူများလည်းရှိသည်ဟု ယောဒေသကာကွယ်ရေးတပ်ဖွဲ့ YDF က ထုတ်ပြန်ထားသည်။
စက်တင်ဘာ ၇ ရက်က အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ စစ်အုပ်ချုပ်ရေးကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လှည်းနေလှေအောင်း မြင်းစောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြရန်၊ ပြည်သူတစ်ရပ်လုံး ပြည်သူတော်လှန်ရေးဆင်နွဲရန် ကြေငြာပြီးနောက်ပိုင်း မကွေးတိုင်းက နေရာအနှံအပြားတွင် PDF များ၏ တိုက်ခိုက်မှုများ ခပ်စိပ်စိပ်ဖြစ်လာခဲ့သည်။







