ပဲခူးတိုင်း ပေါင်းတည်မြို့နယ်ထဲတွင် ရာအိမ်မှူးတစ်ဦးအိမ်အတွင်းသို့ လက်ပစ်ဗုံး ပစ်သွင်းခံရပြီး လူနှစ်ဦးသေဆုံးကာ ရာအိမ်မှူးအပါအဝင် ငါးဦး ဒဏ်ရာရသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့၊ ကံငယ်ကျေးရွာမှ ရာအိမ်မှူးတဲပိုင်ရှင် ဦးသိန်းဇော်သည် ကံငယ်ကျေးရွာက ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ စည်းရုံးရေးမှုးဖြစ်သည်ဟု ဒေသခံများက ပြောသည်။
”သေဆုံးသွားသူ နှစ်ဦးစလုံးက အမျိုးသမီးတွေပါ။ ဗုံးကပြင်းတဲ့အပြင် တီဗီကြည့်နေကြတဲ့လူကြားထဲ ကျပုံရတယ်” ဟု အသက် ၅၀ အရွယ် ကံငယ်ကျေးရွာက ဒေသခံတစ်ဦး ပြောသည်။
စက်တင်ဘာလ ၇ ရက်နေ့ ညဦးပိုင်းတွင် ဆွေမျိုးနှင့် မိသားစုဝင်များ TV ကြည့်နေချိန် နေအိမ်ပြတင်းပေါက်မှ လက်ပစ်ဗုံးဝင်လာပြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု အိမ်နီးချင်းတစ်ဦးက ပြောသည်။
သို့သော် ပြူတင်းပေါက်က ပစ်ထည့်သည်ဆိုသည့်ကိစ္စကို အတည်မပြုနိုင်သေးဘူးဟု သက်ဆိုင်ရာက ပြောဆိုထားသည်။
ရာအိမ်မှူး ဦးသိန်းဇော်၏တဲထဲသို့ အပစ်ခံရသည့်ဗုံးသည် မည်သည့်ဗုံးအမျိုးအစားဖြစ်သည်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘူးဟု သက်ဆိုင်ရာက ဆက်ပြောသည်။
လတ်တလော အတည်ပြုချက်အရ ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့သူ ရာအိမ်မှူးအပါအဝင် အခြားဒဏ်ရာရသူများကို ပေါင်းတည် ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေကြရသည်ဟု ဆိုသည်။
စက်တင်ဘာ ၆ ရက်နေ့ကလည်း ပေါင်းတည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဝန်ထမ်းအိမ်ယာတွင်လည်း ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ဇွန်လ ၃၀ ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံခဲ့ရသည်။







