မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံများက ပြောသည်။
ဒေါက်ရပ်ကျေးရွာနေ ဦးမျိုးမြင့်သည် စက်တင်ဘာ ၄ ရက်နေ့ ညနေပိုင်း အချိန်ခန့်က အသက် ၈ နှစ်အရွယ် မြေးဖြစ်သူနှင့်အတူ နေအိမ်တွင်ရှိနေစဉ် အမည်မသိ သေနတ်သမားနှစ်ဦးက ဆိုင်ကယ်နှင့်ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။
သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးမျိုးမြင့်သည် ပြင်းထန်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားခဲ့သည်။
၎င်းမြေးဖြစ်သူမှာ ခြေထောက်တွင် ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“ဦးမျိူးမြင့်ကတော့ အဲနေရာမှာပဲ ဆုံးသွားတယ်၊ သူ့မြေးကတော့ ဒဏ်ရာရသွားတယ်၊ ဘာကြောင့် ဒီလိုလုပ်ခံရလဲ ပစ်သွားတဲ့လူတွေက ဘယ်သူတွေလဲဆိုတာကတော့ ဘာမှမကြားမိသေးဘူး၊ စစ်တပ်ကနေ စစ်ဆေးမှုတွေ လုပ်နေတာတော့ရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ဦးမျိုးမြင့် ပစ်သတ်ခံရသည့်ဖြစ်စဉ်နှင့်ပတ်သက်၍ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်း စစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟုလည်း ဒေါက်ရပ်ကျေးရွာက ဒေသခံများက ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဘီးလင်းမြို့နယ်နည်းတူ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တို့တွင် သေနတ်ဖြင့် ပစ်သတ်ခံရသည့် ဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားလာခဲ့သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်နယ်အတွင်း၌ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် လူသေဆုံးမှုများရှိနေသည့်အပြင် ယခုကဲ့သို့သော အမည်မသိသေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် လူသေဆုံးခဲ့ရသည့် ဖြစ်စဉ်များလည်း ရှိလာခဲ့သည်။
အထူးသဖြင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စစ်တပ်သတင်းပေး (ဒလန်) ဟု သတ်မှတ်ခံရသူများ ပစ်သတ်ခံရမှု ဆက်တိုက်ဖြစ်ပွားလျှက်ရှိသည်။







