မကွေးတိုင်းအတွင်း ၅ နေရာ ဗုံးခွဲကြောင်း ဗိဿနိုး PDF ကြေငြာ

မကွေးတိုင်းအတွင်း ၅ နေရာ ဗုံးခွဲကြောင်း ဗိဿနိုး PDF ကြေငြာ

စက်တင်ဘာလ ၇ ရက်တွင် မကွေးတိုင်း နေရာ ၅ ခုကို ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း ကြေငြာချက် ထုတ်ပြန်သည်။

နိုင်ငံတဝှမ်းပြည်သူတော်လှန်ရေးဆင်နွဲရန် ယာယီသမ္မတ ဒူဝါလရှီးလ၏ မိန့်ခွန်းပြောဆိုမှုအပြီး နံနက်ပိုင်းတွင် မကွေးတိုင်းအတွင်းရှိ တောင်တွင်းကြီးမြို့ ခမရ ၁၀၃ တပ်ရှေ့ရှိ တပ်လုံခြုံရေးဂိတ်ကင်း၊ နတ်မောက်မြို့ မြန်မာ့စီးပွားရေးဘဏ် လုံခြုံရေးဂိတ်ကင်း၊ နတ်မောက်မြို့နယ် ကုလားရှင်ကျေးရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဌေးနေအိမ်၊ မြို့သစ်မြို့နယ် က.ပ.စ (၁၇) ကို သွယ်တန်းထားသည့် 11KV ဓာတ်အားလိုင်း တိုင် ၂ တိုင်နှင့် ရေစကြိုမြို့၊ အမှတ် ၇ ရပ်ကွက်နေ စည်ပင်ဦးစီးမှူး၏ အိမ်တို့ကို လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့တော်လှန်ရေး တိုက်ပွဲခေါ်သံ စတင်ကြေငြာသည့်နေ့တွင် မကွေးတိုင်းအတွင်း နတ်မောက်၊ တောင်တွင်းကြီး၊ မြို့သစ်၊ ရေစကြိုမြို့ ၄ မြို့မှ အကြမ်းဖက်စစ်ကောင်စီ၏ နေရာ ၅ ခုကို ဗုံးခွဲတိုက်ခိုက်မှုများ ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေး တပ်မတော်က ပြုလုပ်ခဲ့ကြောင်း ပြန်ကြားရေးတာဝန်ခံ ဗိုလ်ထန်ထွဋ်က ထုတ်ပြန်ခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှစတင်၍ စစ်ကောင်စီက နိုင်ငံတော်၏ အချုပ်အခြာအာဏာကို သိမ်းယူထားပြီး ပြည်သူလူထုကို အကြမ်းဖက်နည်းမျိုးစုံဖြင့် အန္တရာယ်ပြုနေခြင်းကြောင့် ပြည်သူများကလည်း နည်းလမ်းစုံသုံး၍ စစ်အာဏာရှင်ကို ခုခံတွန်းလှန်နေကြောင်း NUG က ထုတ်ပြန်ခဲ့သည်။

ယခုအခါ တရားမဝင် စစ်အုပ်ချုပ်ရေး ယန္တရားတစ်ခုလုံးကို အပြီးတိုင် ဖျက်သိမ်းပစ်ရန် လိုအပ်လာသည့်အခြေအနေ အရပ်ရပ်ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရက ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ ရက်မှစတင်ကာ နိုင်ငံတော်အား အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ကြောင်း NUG ၏ ထုတ်ပြန်ကြေညာချက်၌ ဖော်ပြထားသည်။

အရေးပေါ်အခြေအနေ သက်ရောက်သည့် နယ်မြေများသည် ပြည်ထောင်စုနိုင်ငံတဝှမ်းလုံးဖြစ်ပြီး၊ အချိန်ကာလအားဖြင့် ပြည်သူ့အုပ်ချုပ်ရေးအာဏာ ပြန်လည်ထူထောင်နိုင်သည့် အချိန်အထိ သတ်မှတ်ပြီး အဆိုပါကာလအတွင်း ရက်အကန့်အသတ်မရှိ အလုပ်ပိတ်ရက်အဖြစ် NUG က ကြေညာချက် ထုတ်ပြန်ထားသည်။

 
 

 

 

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...