အမျိုးသားညီညွတ်ရေးအစိုးရ NUG က စစ်ကောင်စီကိုတော်လှန်ကြရန် စစ်ကြေညာပြီးနောက် ရန်ကုန်တွင် စားသောက်ကုန်များ ဝယ်ယူစု ဆောင်းသူများနေကြောင်း အိမ်ရှင်မများက ပြောသည်။
မြန်မာနိုင်ငံအား အရေးအပေါ်အခြေအနေအဖြစ် ထည့်သွင်းကြေညာခဲ့ပြီး တစ်နိုင်ငံလုံးရှိ ရုံးဌာနအားလုံးကို ရက်အကန့်သတ်မရှိ ပိတ်ထားရန်ကြေညာခဲ့သည်။
ယမန်နေ့ နံနက် ၈နာရီအချိန်တွင် ယာယီသမ္မတ၏ မိန့်ခွန်းနားထောင်ပြီးနောက် စားသောက်ရေးအတွက် စိတ်ပူသဖြင့် ဆေးဝါး၊ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ကုလားပဲ၊ အာလူးများ နှစ်ပတ်စာခန့် ဝယ်ယူမှုများနေသည်ဟု ဒဂုံဆိပ်ကမ်းမြို့နယ် ၈၈ ရပ်ကွက် အိမ်ရှင်မတစ်ဦးက ပြောသည်။
“ကျမတို့ကတော့ စားသောက်ရေးအတွက်ပဲ စိတ်ပူတယ်။ ကျမတို့လို တစ်နေ့လုပ်တစ်နေ့စားတွေက အများကြီး ဝယ်မစုနိုင်ဘူးလေ။ စီးပွားရေးကလည်း မကောင်းကြဘူး” ဟု ၎င်းကပြောသည်။
အခြေခံစားသောက်ကုန် အဝယ်များနေသော်လည်း ဈေးနှုန်းအပြောင်းအလဲ သိပ်မရှိဘူးဟု ဒဂုံဆိပ်ကမ်းမြို့နယ် ၈၈ ရပ်ကွက် က အဆိုပါ အိမ်ရှင်မ က ပြောသည်။
NUG အစိုးရက စစ်ကြေညာပြီးနောက် ရန်ကုန်မြို့ရှိဈေးများတွင် အခြေခံစားသောက်ကုန်ဝယ်ယူ စုဆောင်းသူများပြားနေပြီး ကြက်သွန်နှင့် ငါးခြောက်ကဲ့သို့သော ကုန်ခြောက်များလာဝယ်သူက ပိုများသည်ဟု စျေးသည်အချို့က ပြောသည်။
သို့သော် ကုန်ဈေးနှုန်း တက်လာခြင်းမရှိသေးဘူးဟု သိရိမင်္ဂလာဈေးက ကုန်ခြောက်ရောင်းချသူတစ်ဦးက “ဝယ်ကြတာတော့ လာဝယ်ကြတာပဲ ကိုဗစ်တုန်းကလောက်တော့ မများဘူး“ ဟု ပြောသည်။
ရပ်ကွက်စည်ပင်ဈေးအချို့၏ လက်လီဈေးများတွင် ကြက်သွန်နီတစ်ပိဿာလျှင် ၇၀၀ ကျပ်၊ အာလူးတစ်ပိဿာလျှင် ၆၅၀ ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် ၄၀၀၀ ကျပ်၊ ပဲဆီ (အရော) ၅၀၀၀ ကျပ်ခန့်ရှိသည်ဟု အိမ်ရှင်မများနှင့် စျေးသည်များက ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနကလည်း တနိုင်ငံလုံး လှည်းနေလှေအောင်းမကျန် တော်လှန်ကြရန် တိုက်တွန်းကြေညာပြီးနောက် တော်လှန်ရေးစစ်သည်များ စစ်မြေပြင်တွင် လိုက်နာရမည့် စည်းကမ်းများကိုလည်း ထုတ်ပြန်ခဲ့သည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်များအနေဖြင့် အထက်အမိန့်ကို နာခံရန်၊ မိမိတပ်ဖွဲ့များအပေါ် သစ္စာရှိရန်၊ ပြည်သူပိုင်ပစ္စည်းများ အသုံးပြုရပါက တန်ရာတန်ဖိုးပေးရန်နှင့် အခြားလိုက်နာရမည့် စည်းကမ်းများကို ကြေညာခဲ့သည်။
တစ်ဆက်တည်းမှာပဲ မန္တလေးမြို့အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂ ၁၉ ဖွဲ့ကလည်း လက်နက်ကိုင်တော်လှန်ရေးတွင် ကျောင်းသားများအနေဖြင့် ထိပ်ဆုံးမှ ပါဝင်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ခဲ့သည်။
အာဆီယံအဖွဲ့က မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်က အပစ်အခတ် ၄ လ ရပ်ဆိုင်းရန် တောင်းဆိုခဲ့ပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရက လက်နက်ကိုင်တော်လှန်ကြရန် ကြေညာခဲ့ခြင်းဖြစ်သည်။







