ခုခံတွန်းလှန်စစ် စတင်ပြီဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် မလိုအပ်ပဲ ခရီးမသွားကြရန်နှင့် ရိက္ခာနှင့်ဆေးဝါးများကို စုဆောင်းထားကြရန် ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြည်သူများအား သတိပေးပြောဆိုလိုက်သည်။
NUG အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက လက်တလောဖြစ်ပေါ်နေသည့် စစ်ရေးပဋိပက္ခအခြေအနေများနှင့် ပတ်သက်၍ စက်တင်ဘာလ ၇ ရက်နေ့ (ယနေ့) ပြောကြားထားသည့် မိန့်ခွန်းထဲတွင် ထိုသို့ ထည့်သွင်းပြောကြားထားခြင်းဖြစ်သည်။
NUG ယာယီသမ္မတ ဒူဝါလရှီးလက “ပြည်သူများအနေဖြင့် ယနေ့မှစ၍ မလိုအပ်ဘဲ ခရီးသွားလာခြင်းမပြုကြဘဲ တစ်ဦးချင်း၏ လုံခြုံမှုကို အထူးဂရုစိုက်ကြပါ။ လိုအပ်မည့် ရိက္ခာ၊ ဆေးဝါး စသည်တို့ကို စုဆောင်းထားကြပါ” ဟု ပြောသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ခုခံတွန်းလှန်စစ် စတင်မည့် အခြေအနေနှင့်ပတ်သက်၍ “ဒီနေ့ စက်တင်ဘာလ (၇) ရက်၊ တော်သလင်းလဆန်း (၂) ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူတို့၏ ခုခံတွန်းလှန်စစ်သည် စတင်နေပြီဖြစ်သည်။ ဤတော်လှန်ရေးသည် ပြည်သူလူထု၏ တော်လှန်ရေးဖြစ်သည့်အတွက် ပြည်ထောင်စု မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူပြည်သားများအားလုံး မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက် စစ်အုပ်ချုပ်ရေးကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လှည်းနေလှေအောင်း မြင်းစောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြပါ” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။
ထို့အပြင် စစ်ကောင်စီအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တွန်းလှန်တိုက်ခိုက်သည့်ကာလတွင် ပြည်သူများအနေဖြင့် ပြည်သူ့ကာကွယ်ရေး တပ်မတော်နှင့် မဟာမိတ်များကိုလည်း တတ်နိုင်သမျှ ကူညီစောင့်ရှောက်ကြရန်နှင့် စစ်ကောင်စီတပ်များ၏ လှုပ်ရှားမှုသတင်းများကို အချိန်မီ ပေးပို့ကြရန် ယာယီသမ္မတက မေတ္တာရပ်ခံ တောင်းဆိုထားသည်။
တစ်ဖက်တွင်လည်း မင်းအောင်လှိုင်၏ လိမ်လည်လှည့်ဖျား ဖိနှိပ်မှုအောက်တွင် တာ၀န်ထမ်းဆောင်နေကြသော တပ်မတော်သားများ၊ ပြည်သူ့ရဲများ၊ ၀န်ထမ်းများအနေဖြင့်လည်း ပြည်သူ့ကာကွယ်ရေးတပ် PDF များနှင့် ချက်ချင်း ဆက်သွယ်ပူးပေါင်းကြရန် ပြောဆိုထားသည့်အပြင် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းအားလုံး ရုံးတက်ခြင်းမပြုကြရန် သတိပေးတားမြစ်ထားသည်။
ထို့အပြင် စစ်ကောင်စီ၏ လှည့်ဖျားမှုကြောင့် နားယောင်ခဲ့သည့် နယ်ခြားစောင့် BGF တပ်များနှင့် ပြည်သူ့စစ်အားလုံး ပူးပေါင်း၍ ပြည်သူ့ရန်သူများကို စတင်ရင်ဆိုင်တိုက်ခိုက်ကြရန် တိုက်တွန်းထားသည်။
လက်ရှိမြန်မာနိုင်ငံ၏ ပကတိအခြေအနေ လိုအပ်ချက်ကြောင့် တွန်းလှန်တိုက်ခိုက်မှုအား လုပ်ဆောင်ရခြင်းဖြစ်သည့်အတွက် အိမ်နီးချင်းနိုင်ငံများ၊ ASEAN နိုင်ငံများ၊ ကုလသမဂ္ဂနှင့် ကမ္ဘာ့နိုင်ငံအသီးသီးကလည်း နားလည်ပေးကြရန် NUG ယာယီသမ္မတက ၎င်း၏မိန့်ခွန်းထဲတွင် ထည့်သွင်းပြောဆိုထားသည်။
ယာယီသမ္မတ ဒူဝါလရှီးလက ယခုတော်လှန်ရေးသည် တရားနည်းလမ်းကျသော တရားမျှတသော တော်လှန်ရေးဖြစ်ကြောင်းနှင့် ရေရှည်ငြိမ်းချမ်းသော နိုင်ငံတော်တည်ဆောက်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် မရှိမဖြစ်လိုအပ်သည့် တော်လှန်ရေးဖြစ်သည်ဟု ဆိုသည်။







