ကျောက်မဲ ကမ္ဘောဇဘဏ် ဓါးပြတိုက်ခံရ

ကျောက်မဲ ကမ္ဘောဇဘဏ် ဓါးပြတိုက်ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ရှိ ကမ္ဘောဇ (KBZ) ဘဏ်ကို သေနတ်တိုတစ်လက်ဖြင့် လူသုံးဦးက ဓါးမြဝင်တိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “ကျနော်တို့ အကြမ်းဖျင်းသိရသလောက်ကတော့ နေ့လည် ၂ နာရီ ပတ်ဝန်းကျင်လောက်မှာဗျ။ အဲ့ဒါကို ဓါးမြဝင်တိုက်တယ်ပြောတယ်။ သေနတ်တိုနဲ့ပေါ့နော်၊ အတိုနဲ့ တိုက်သွားတယ်။ ဘယ်လောက်ပါသွားတယ်ဆိုတာ မသိသေးဘူး။ သူတို့လည်း ထုတ်ပြန်ထားတာတော့ မရှိသေးဘူး။ ကျနော်တို့လူရတဲ့သတင်းကတော့ ၃ ယောက်လို့ပြောတယ်။ ကားနဲ့ဟုတ်ကဲ့။ သေနတ်ပစ်တာမျိုးတွေမရှိဘူး။ ထိခိုက်ဒဏ်ရာ ရတာမျိုးလည်း မရှိပါဘူး” ဟု ပြောသည်။

စက်တင်ဘာ ၃ ရက်နေ့က ဝင်တိုက်ခိုက်ခြင်းဖြစ်ပြီး ဒေသခံများ၏ ပြောပြချက်အရ သိန်းတစ်ထောင်ခန့် ပါသွားသည်ဟု ပြောဆိုနေကြသော်လည်း ရဲစခန်း၊ KBZ ဘဏ်တာဝန်ရှိသူများနှင့် ဘဏ်ဝန်ထမ်းများထံမှ သီးခြားအတည်ပြုချက် မရရှိသေးပေ။

ထိုသို့ ဘဏ်ကို ဓါးပြတိုက်ခံရချိန်တွင် ဘဏ်၏ တံခါးမကြီးမှာ ပိတ်ထားပြီး တံခါးအသေးသာဖွင့်ထားခြင်းဖြစ်သည်ဟု ကျောက်မဲမြို့ခံတစ်ဦးက ပြောသည်။

“၂ နာရီပတ်ဝန်းကျင်လောက်မှာ ဘဏ်ကတော့ ဘဏ်လုပ်ငန်းတွေလုပ်နေတာပေါ့။ ဘဏ်က main တံခါးကြီးကတော့ ပိတ်ထားတာပေါ့။ ဘေးက နောက်ထဲဝင်တဲ့ ကားဝင်ပေါက်ရှိတယ်။ အဲ့ထဲမှာတော့ custom တွေနဲ့ ဘဏ်လုပ်ငန်းတွေ လုပ်နေတာပေါ့။ အဲ့နားမှာ စျေးကလည်း ကိုဗစ်ကြောင့် ပိတ်ထားတယ်။ ညစျေးတန်းလည်း ပိတ်ထားတယ်။ မဖွင့်ကြဘူး။ လူတွေက ရှင်းနေတာ။ အဲ့ချိန်ကိုဝင်တိုက်သွားတာ” ဟု ပြောသည်။

ယခုဓါးပြတိုက်ခံရသည့်ဘဏ်သည် မြို့၏ အချက်အခြာကျသည့်နေရာတွင် တည်ရှိခြင်းလည်းဖြစ်သည်။

ဓါးပြတိုက်ခံရပြီးနောက် အဆိုပါနေရာနှင့် အနီးတဝိုက်တွင် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များ လမ်းသွားလမ်းလာများကို စစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟုလည်း ဒေသခံများက ပြောသည်။

“တကယ်ဆို သူတို့အချင်းချင်းလား အကြောင်းသိလားမပြောတတ်ဘူး။ ကျမတို့ ရိုးရိုးလူတွေ ဘဏ်သွားရင် အနည်းဆုံးတော့ ဘဏ်ရှေ့မှာ ဘာလာလုပ်တာလဲ၊ မှတ်ပုံတင်ပြ၊ ဘယ်ကောင်တာကိုသွား ဆိုတာမျိုး ပြောတဲ့လူရှိတယ်။ လာမေးတယ်ကွာ၊ ချက်ချင်းဝင်လို့လည်းမရဘူး။ ပြီးရင် ဒီနောက်ပိုင်းဆို စစ်သားတွေလည်း အမြဲစောင့်တယ်လေနော်။ အခုက ဘာမှမရှိဘူးဆိုတော့ တစ်မျိုးပဲနော် ပြန်စဉ်းစားကြည့်ရင်” အသက် ၃၅ နှစ် အရွယ် ကျောက်မဲမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ကျောက်မဲခရိုင် ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့နယ်မှူးတို့အား ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း အဆိုပါကိစ္စနှင့်ပတ်သက်၍ ၎င်းတို့အနေဖြင့် ဖြေကြားခွင့် မရှိဘူးဟု ပြောသည်။

KBZ ဘဏ်မှလည်း တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိပေ။

ကျောက်မဲမြို့ခံ ဦးတင်မောင်သိန်းက “ကျနော်တို့ဒီမှာလည်း ကာဖျူးဆိုတာရှိတယ်။ ကာဖျူးကာလဆိုလည်း မိုးလင်းအထိ ကားတွေ ဖြတ်သွားနေတာတော့ ကြားနေရတာပဲ။ ဆိုတော့ ဒီကာဖျူးရှိသော်ငြာလည်း ဒီအနေအထားအရ သိပ်ပြီးတော့ တင်းကြပ်မှုမရှိဘူးလို့ ပြောရမယ်ပေါ့နော်။ အဲ့တော့ တစ်နိုင်ငံလုံးရဲ့ နိုင်ငံရေးအခြေအနေအရ တဖြည်းဖြည်းနဲ့ ကောလဟာလတွေကလည်း များလာတယ်ပေါ့။ ကျနော်တို့ မြင်တာတော့ ဒီဘဏ်ဓါးပြတိုက်တဲ့လူတွေက ကောက်ခါငင်ခါတိုက်သွားတာမျိုးတော့ မဟုတ်လောက်ဘူး။ မြို့ရဲ့ အခင်းအကျင်း၊ ပတ်ဝန်းကျင်ကို ရင်းနှီးတဲ့လူဖြစ်တယ်။ မြို့မှာ လုံခြုံရေးအရ အားနည်းချက်လေးတွေကို သေချာလေးအချိန်ယူပြီးမှ ထောက်လှမ်းစောင့်ကြည့်ပြီးတော့မှ သူတို့ဝင်လုပ်သွားတယ်လို့ပဲ ကျနော်ဒီလိုပဲ သုံးသပ်တယ်” ဟု ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအနှံရှိ ဘဏ်များအားလုံးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုံခြုံရေးယူကာ အစောင့်အကြပ်ပုံစံမျိုးရှိနေခြင်းဖြစ်သည်။

သို့သော် KBZ ကျောက်မဲဘဏ်တွင် ယခုရက်ပိုင်း စစ်သားများစောင့်နေသည်ကို မတွေ့ရဘူးဟုလည်း ဒေသခံအချို့က ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြိုရှိ ကမ္ဘောဇဘဏ်ကို “အကြမ်းဖက်သူ အမျိုးသားသုံဦးက သေနတ်ဖြင့်ခြိမ်းခြောက်ကာ ငွေကျပ်သိန်းတစ်ထောင်ခန့်ကို လုယက်ယူဆောင်သွားသည်” ဟု စစ်ကောင်စီ၏ မြန်မာ့အလင်းသတင်းစာတွင် ထုတ်ပြန်ထားသည်။

 
 

 

 

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...