နော်စီဖိုးရာစိန်၏ KCG က NUG ကို အဘက်ဘက်မှကူညီမည်

နော်စီဖိုးရာစိန်၏ KCG က NUG ကို အဘက်ဘက်မှကူညီမည်

KNU ဒု-ဥက္ကဌဟောင်း ဦးဆောင်သည့် KNU Concerned Group က ကြားဖြတ် ယာယီအစိုးရ CRPH/ NUG ကို အုပ်ချုပ်ရေး၊ စစ်ရေး၊ နိုင်ငံရေးနှင့် သံတမန်ရေးတို့အတွက် အဖက်ဖက်မှ ပံ့ပိုးကူညီသွားမည်ဟု KCG ပြောရေးဆိုခွင့်ရှိသူ ပဒိုနော်စီဖိုးရာစိန်က ပြောသည်။

ပဒို နော်စီဖိုးရာစိန်က “ကျမတို့ လုပ်နိုင်တဲ့အပိုင်းတွေ နိုင်ငံ သံတမန်ရေးရာပေါ့လေ ကျမတို့ ဒါ advocacy လုပ်တဲ့အပိုင်းလည်း ကျမတို့ လုပ်နေတယ်။ အဲဒါကလည်း NUG ကို နိုင်ငံတကာကလည်း ထောက်ခံအသိအမှတ်ပြုဖို့ လုပ်ဆောင်တာမျိုးရှိတယ်။ ပြီးတော့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာကတော့ ကျမတို့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်ဆိုရင်လည်း ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်တဲ့ လက္ခဏတွေကိုလည်း ဒါကို သူတို့ကိုလည်း ဖက်ဒရယ်တည်ဆောက်ဖို့အတွက်က ဒါကို ဝိုင်းဝန်းပြီးတော့ အဲဒါကိုလည်း တည်ဆောက်နိုင်တဲ့ပုံစံတွေပေါ့နော အဲဒါ ကျမတို့လည်း လုပ်ဆောင်နိုင်တယ်ပေါ့နော်” ဟု ပြောသည်။

စစ်ရေးအတွက် ကူညီပံ့ပိုးမည့် ပုံစံနှင့်ပတ်သက်၍ ပဒိုနော်စီဖိုးရာစိန်က ယခုကဲ့သို့ ဆက်ပြောသည်။

၎င်းက “ပြီးတော့ စစ်ရေးကိစ္စကတော့ အထူးသဖြင့်ပေါ့လေ အခုဆိုရင်လည်း တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေကလည်း တိုက်ပွဲဝင်တဲ့အချိန်ဖြစ်တယ်။ တော်လှန်ရေးအချိန်ကာလလည်း ဖြစ်တယ်ပေါ့လေ။ ကျမတို့လည်း တော်လှန်ရေးလုပ်တဲ့အခါမှာလည်း သူတို့လည်း လုံခြုံရေးဆိုင်ရာကိစ္စတွေနဲ့လည်း ဒါကို ကျမတို့နဲ့ တူညီတဲ့အပိုင်းဆိုရင်တော့ အဲဒါ ကျမတို့လုပ်နိုင်တဲ့အပိုင်းဆို ကျမတို့ လုပ်ဆောင်နိုင်တယ်ပေါ့” ဟု ပြောသည်။

စက်တင်ဘာလ ၂ ရက် (ယနေ့) KCG ၏ ထုတ်ပြန်ချက်ထဲတွင်လည်း CRPH/NUG အမျိုးသားညီညွတ်ရေးအစိုးရ၏ နိုင်ငံရေးရပ်တည်ချက်ဖြစ်သည့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးသည် မိမိတို့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အစည်းတို့၏ တော်လှန်ရေးရည်မှန်းချက် ပန်းတိုင်ဖြစ်သည့် တိုင်းရင်းသားတန်းတူရေး ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ပြည်နယ်ပေါင်းစု ပြည် ထောင်စု တည်ဆောက်ရေးနှင့် ထပ်တူဖြစ်သောကြောင့် KNU Concerned Group မှ CRPH/NUG ကို ကြိုဆိုထောက်ခံပြီး အုပ်ချုပ်ရေး၊ စစ်ရေး၊ နိုင်ငံရေးနှင့် သံတမန်ရေး လှုပ်ရှားမှုများကို စွမ်းစွမ်းတမံ ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်သည်ဟု ပါရှိသည်။

တိုင်းရင်းသားများနှင့် နိုင်ငံရေး ရည်မှန်းချက် ပန်းတိုင်တူညီနေသည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ CRPH/NUG ကို ပံ့ပိုးကူညီရမည် ဖြစ်သည်ဟု KNU Concerned Group ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ပဒိုနော်စီဖိုးရာစိန်က “ဒီ CRPH နဲ့ NUG အစိုးရပေါ့လေနော။ သူတို့ရပ်တည်ချက်ကတော့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့အတွက် ပြည်ထောင်စု တည်ဆောက်ဖို့အတွက်ပေါ့ အဲဒါနဲ့ ကျမတို့ ပြန်ကြည့်မယ်ဆိုရင် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေလည်း နိုင်ငံရေးရပ်တည်ချက်နဲ့ တစ်ထပ်တည်းဖြစ်နေတယ်။ ကျမတို့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်း နိုင်ငံရေးပန်းတိုင်ကလည်း တိုင်းရင်းသားတန်းတူရေးနဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးပေါ့နော။ အဲဒီအပေါ်မှာက ထပ်တူတဲ့အပေါ်မှာက ကျမတို့ကြိုဆိုတယ်။ ကျမတို့ ထောက်ခံတယ်။ တတ်နိုင်သမျှလည်း ကျမတို့ ဝိုင်းဝန်းပြီးတော့ ပံ့ပိုးကူညီဆောင်ရွက်ရမယ်” ဟုပြောသည်။

ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များတို့မှ စစ်အာဏာရှင် အပြီးသတ် ချုပ်ငြိမ်းစေရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရန်အတွက် နွေဦးတော်လှန်ရေးကြီးနှင့်အတူ တစ်ညီတစ်ညွတ်တည်း တိုက်ပွဲဝင်သွားကြပါရန် KCG က တိုက်တွန်းနှိုးဆော်ထားသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ ဇွန်လပိုင်းတွင် KNU Concerned Group ကို ကေအဲန်ယူ ဒု-ဥက္ကဋ္ဌဟောင်း ပဒိုနော်စီဖိုး ရာစိန် ဦးဆောင်ဖွဲ့စည်းခဲ့ပြီး ၎င်းအဖွဲ့အစည်းအနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်သော ၎င်းတို့၏ စိုးရိမ်ချက်များ၊ ရပ်တည်ချက်များကို နိုင်ငံရေး အခြေအနေအပေါ်မူတည်၍ သဘောထားထုတ်ပြန်မှုများ ပြုလုပ်သည့်အဖွဲ့ဖြစ်သည်။

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...