သရက်ချောင်းပစ်ခတ်မှု ပျူစောထီးဆိုသူနှစ်ဦး သေဆုံး

သရက်ချောင်းပစ်ခတ်မှု ပျူစောထီးဆိုသူနှစ်ဦး သေဆုံး

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ ပျူစောထီးအဖွဲ့ဝင်ဟု ကျော်ဇောနေသူ နှစ်ဦးသေပြီး ထိခိုက်ဒဏ်ရာရရှိသူလည်းရှိခဲ့သည်ဟု ဒေသခံရွာသားများက ပြောသည်။

သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာတွင် သြဂုတ် ၃၀ ရက်နေ့ ည ၁၀ နာရီခွဲအချိန်ခန့်တွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုအတွင်း ပျူစောထီးဟု ခေါ်နေကြသည့် ပြည်သူ့စစ်နှစ်ဦးသေ၊ နှစ်ဦး ဒဏ်ရာရရှိခဲ့ကြခြင်းဖြစ်သည်။

ဘုရားကွင်းအနီးနေထိုင်သူ အသက် ၅၀ ခန့်အရွယ် ရွာသားကြီးတစ်ဦးက “ဗုံးပေါက်သံတချက် အကျယ်ကြီးကြားရပြီးတာနဲ့ ပစ်ခတ်သံတွေ ကြားရတာပဲ၊ သေနတ်သံတွေ အချက်ပေါင်းမနည်းဘူး။ သုံးလေးဆယ်တောင်မကဘူး၊ အပြန်အလှန်ပစ်တဲ့သဘောပဲ” ဟု ပြောသည်။

သေဆုံးသူများမှာ ဒေသတွင်း ပျူစောထီးအဖွဲ့ဝင်ဟု နာမည်ကြီးနေသည့် ဦးလှိုင်ဝင်းနှင့် အသက် ၃၀ အရွယ် နောက်တစ်ဦးဖြစ်သည်ဟု ကနက်သီရိကျေးရွာက ရွာသားတစ်ဦးက အတည်ပြုပြောသည်။

ပစ်ခတ်မှုက ကနက်သီရီကျေးရွာရှိ ဘုရားကွင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရွာခံ ပြည်သူ့စစ် ၂ ဦး သေဆုံးကာ အုပ်ချုပ်ရေးမှူး ဦးနိုင်မိုးနှင့် အခြား (အမည်မသိ) တစ်ဦးတို့မှာ သေနတ်ဒဏ်ရာများ အပြင်းအထန်ရရှိခဲ့သည်ဟု ရွာသားများက ပြောသည်။

စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးနိုင်မိုးနှင့်အဖွဲ့ လက်နက်များကိုင်ဆောင်ကာ ကင်းလှည့်နေစဉ် အမည်မသိအဖွဲ့တစ်ဖွဲ့မှ လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

အုပ်ချုပ်ရေးမှူး ဦးနိုင်မိုးနှင့် ပြည်သူ့စစ်အဖွဲ့များက “ညစဉ်ညတိုင်း အကြောင်းမဲ့ သေနတ်ပစ်ဖေါက် ရမ်းကားလျက်ရှိနေသည်” ဟုလည်း ဘုရားကွင်းအနီးနေထိုင်သူ အသက် ၅၀ ခန့်အရွယ် ရွာသားကြီးက ဆက်ပြောသည်။

အခင်းဖြစ်ပွားပြီးနောက် ည ၁ နာရီခွဲဝန်းကျင်အချိန်တွင် စစ်ကားငယ် (၈) စီး ကနက်သီရိကျေးရွာသို့ ရောက်ရှိလာကာ တပ်စွဲခဲ့ပြီးနောက် နံနက် ၄ နာရီမှစတင်၍ ထားဝယ်မြို့နှင့် အခြားနေရာဒေသများသို့ ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်များနှင့် ကျေးရွာအတွင်း ဈေးရောင်းချရန် လာရောက်သူများအား တားဆီးစစ်ဆေးနေသည်ဟု ရွာသားများက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့မှ ရွာထဲသို့ ဝင်ရောက်ရှာဖွေကာ ဒေသခံ ၃၀ ဦးခန့် ဖမ်းဆီးခံထားရပြီး နောက်ပိုင်းတွင် အဖမ်းခံရသူများအနက် အချို့ကိုပြန်လွှတ်ပေးခဲ့သည်ဟုဆိုသည်။

သို့သော် အချို့ကို ဆက်လက်ဖမ်းဆီးထားဆဲဖြစ်သည်ဟု ဒေသခံ လူငယ်တစ်ဦးက ပြောသည်။

ဩဂုတ်လ ၃၁ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ထက်ဝက်ခန့် ပြန်လည်ထွက်ခွာသွားပြီးဖြစ်သော်လည်း ကျန်တပ်ဖွဲ့ဝင်ထက်ဝက်ခန့်မှာ အရပ်ဝတ်များဖြင့် ကျေးရွာအတွင်း လှည့်လည်လျက်ရှိနေသေးသည်ဟု အထက်ပါ ဒေသခံလူငယ်က ဆက်ပြောသည်။

ကနက်သီရိကျေးရွာတွင် ယခင်က စစ်ကောင်စီတပ်ဖွဲ့များ နှစ်ကြိမ်တိုင်တိုင် တပ်လာစွဲဖူးပြီး ရွာသားအများအပြားကိုလည်း ဖမ်းဆီးခဲ့ဖူးသည့် ဖြစ်စဉ်များ ရှိခဲ့သောကြောင့် လက်ရှိတွင် လူငယ်အချို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံရွာသားများ၏ ပြောပြချက်အရ သိရသည်။

 
 

 

 

June 6, 2026
စစ်ကိုင်းမြို့ပေါ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန (လဝက) ရုံးအတွင်း...
ဓာတ်ပုံ-Crd(ပုံဟောင်း)
June 5, 2026
စစ်တပ်က တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမည်ဟု...
June 4, 2026
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ် အတွင်း တိုက်ပွဲဖြစ်ပွားနေခြင်း မရှိဘဲ စစ်တပ်က...
June 3, 2026
မြန်မာစစ်အုပ်စု ခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ အိန္ဒိယအစိုးရက...