ရန်ကုန်တွင် ဗုံးများကွဲပြီးနောက် စစ်ဆေးမှုတင်းကြပ်

ရန်ကုန်တွင် ဗုံးများကွဲပြီးနောက် စစ်ဆေးမှုတင်းကြပ်

ရန်ကုန်မြို့ရှိ အချက်အချာကျသည့်နေရာများတွင် သြဂုတ်လ ၃၀ ရက် မနက်ပိုင်းမှစတင်ကာ ဗုံးပေါက်ကွဲမှု ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ရန်ကုန်မြို့၊ လှည်းတန်း ခုံးတံတားအောက် လမ်းဆုံတွင် ဩဂုတ်လ ၃၀ ရက်နေ့၊ နံနက် ၅ နာရီအချိန်ကစတင်ကာ ဗုံးပေါက်ကွဲမှု စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အင်းစိန်မြို့နယ်၊ ရန်ကင်းမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်နှင့် တောင်ဥက္ကလာပမြို့နယ်တို့တွင် ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မှော်ဘီမြို့တွင်လည်း နေ့လည်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိုပေါက်ကွဲမှုတွင် အသက် ၁၃ နှစ်အရွယ် အမှိုက်ကောက်သည့် လူငယ်တစ်ဦး ထိခိုက်ဒဏ်ရာရှိသွားခဲ့ကြောင်း မှော်ဘီဈေးအနီးတွင် နေထိုင်သူတစ်ဦးက အတည်ပြုပြောသည်။

ပေါက်ကွဲမှုများ ဖြစ်ပွားနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရန်ကုန်မြို့ နေရာအနှံ့အပြားတွင် တင်းတင်းကြပ်ကြပ် စစ်ဆေးမှုများ ပြုလုပ်နေသော်လည်း ညနေပိုင်းအထိ ဗုံးပေါက်ကွဲမှုများ ဆက်လက်ဖြစ်ပွားနေခဲ့သည်။

“ကားတိုင်းတော့ မစစ်ဘူး။ အိမ်စီးကားတွေ ပိုစစ်တယ်။ နောက်ပြီး လူငယ်တွေမောင်းလာတဲ့ ကားတွေဆို စစ်တယ်။ တက္ကစီတွေလည်း သူတို့ မသင်္ကာရင် တားစစ်တယ်” ဟု တောင်ဒဂုံမြို့နယ်အတွင်းက အငှားယာဉ်မောင်းတစ်ဦးက ပြောသည်။

နာနတ်တောလမ်း၊ ဟံသာဝတီလမ်း၊ ဗဟိုလမ်း၊ ဘုရင့်နောင်လမ်းတို့အပြင် လှိုင်သာယာမြို့နယ် အဝင်/အထွက် တံတားများ၊ ရွှေပြည်သာမြို့နယ်နှင့် ပေါက်ကွဲမှုဖြစ်ခဲ့သည့် မြို့နယ်များတွင် လမ်းသွားလမ်းလာ မော်တော်ယာဉ်များအား တားဆီးစစ်ဆေးလျက်ရှိကြောင်း အငှားယာဉ်မောင်းများအချို့၏ ပြောပြချက်အရ သိရသည်။

“ကျနော်တို့ တောင်ဒဂုံက တချို့ရပ်ကွက်တွေမှာ မနက် ၆ ည ၆ အပြင်မထွက်ရ အမိန့်ကို လိုက်ကြေညာတယ်ကြားတယ်။ ကျနော်တို့ဘက်တော့ မလာသေးဘူး။ မောင်းမကန်လမ်းပေါ်မှာတော့ ဗုံးပေါက်လို့ စစ်နေကြတယ်” ဟု တောင်ဒဂုံမြို့နယ် ၂၀ ရပ်ကွက်အတွင်း နေထိုင်သူ အသက် ၄၀  အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။

ထို့သို့နေရာ အနှံ့စစ်ဆေးမှုများ ပြုလုပ်နေသည့်ကြားကပင် တောင်ဒဂုံမြို့နယ်၊ မောင်းမကန်လမ်းနှင့် စမ်းချောင်းမြို့နယ် ဂွဈေးအနီးတို့တွင် ဗုံးပေါက်ကွဲမှုများ ထပ်မံဖြစ်ပွားခဲ့သည်။

 
 

 

 

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...