ဧရာဝတီတိုင်းတွင် ဖမ်းဝရမ်းထုတ်ခံထားရသူအချို့ အသနားခံ

ဧရာဝတီတိုင်းတွင် ဖမ်းဝရမ်းထုတ်ခံထားရသူအချို့ အသနားခံ

ဧရာဝတီတိုင်း မြောင်းမြမြို့နယ်အတွင်း ပုဒ်မ ၅၀၅ ဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသူအချို့က ဖြေလျော့ပေးရန် အသနားခံစာကို သြဂုတ် ၁၉ ရက်နေ့က တင်ပြခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ကျောင်းအုပ်ဆရာ ၂ ဦး၊ အထွေထွေလုပ်သား ၁ ဦး၊ ရွှေဆိုင်လုပ်ငန်းရှင် အမျိုးသမီး ၁ ဦးတို့အပါအဝင် ၇ ဦးတို့က ၎င်းတို့အား ဆွဲဆိုထားသည့်အမှုအား ဖြေလျော့ရုပ်သိမ်းပေးရန် အသနားခံစာတင်ပြခြင်းဖြစ်ကြောင်း သိရသည်။

"ကျနော်တို့ စစ်အာဏာသိမ်းတာကို မကြိုက်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့တာပါ။ ဒါပေမယ့် ဆွဲဆိုတဲ့ပုဒ်မက လေးပင်လွန်းတယ်။ ရှောင်နေရတာ အဆင်မပြေဘူး။ သူတို့ထံ ဖြေလျော့ပေးဖို့တင်ပြရင် ဖြေလျော့ပေးမယ်ဆိုလို့ တင်ပြတာပါ။ ကိုယ်တိုင်ဖြစ်စေ အုပ်ထိန်းသူကဖြစ်စေ ရဲစခန်းကို အသနားခံစာ တင်ပြရတာပါ" ဟု အသနားခံသူများမှ တစ်ဦးက ပြောသည်။

သြဂုတ်လ ၁၉ ရက်နေ့က မြောင်းမြ မြို့မရဲစခန်းက အမှုဖြေလျော့ရုပ်သိမ်းပေးရန် တင်ပြလာသူ ၇ ဦးအား အချက် ၃ ချက်တွင် ခံဝန်လက်မှတ်ရေးထိုးစေပြီး ဆွဲဆိုခံထားရသည့်ပုဒ်မအား ရုပ်သိမ်းကာ အမှုပိတ်ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

နောက်နောင် ဆန္ဒမပြရန် ဝန်ခံကတိပြုပြီး ရဲတပ်ဖွဲ့မှ ကြေအေးဖြေလျော့ အမှုပိတ်သိမ်းပေးခဲ့ကြောင်း၊ ယခုကဲ့သို့ ဖြေလျော့မှုတွင် ငွေကြေး တစ်စုံတစ်ရာ မပေးရကြောင်းနှင့် ခံဝန်လက်မှတ်သာ ရေးထိုးခဲ့ရသည်ဟု အသနားခံတင်ပြသူများက ဆိုသည်။

ထို့ကဲ့သို့ ဖြေလျော့ပေးရန် တင်ပြထားသူအချို့ ရှိနေသေးကြောင်း မြောင်းမြမြို့နယ်အတွင်း ပုဒ်မ ၅၀၅ ဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသူ ၂၀ ဦးကျော်ရှိကြောင်း ဒေသခံ နိုင်ကျဉ်းအဖွဲ့၏ စာရင်းဇယား မှတ်တမ်းများအရ သိရသည်။

 
 

 

 

Most read this week

August 6, 2026
ငဝန်မြစ်ရေကာတာ ကျိုးပေါက်မှုကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင်...
August 6, 2026
မြန်မာ-ထိုင်းနယ်စပ်၊ ကရင်ပြည်၊ ဖလူးဒေသဘက်ခြမ်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ထိုင်းဘက်...
August 5, 2026
ရခိုင်-ဧရာဝတီနယ်စပ်၊ ရေကြည်နှင့် သာပေါင်းမြို့နယ်တို့တွင် အာရက္ခတပ်တော် (AA) နှင့်...
August 5, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ရွှေဘုန်းမြင့်ကျေးရွာတွင် စစ်တပ်နှင့် KIA ပူးပေါင်းတပ်တို့အကြား...